Tuesday, December 31, 2013

သာမဏေကျော် အတွေး


“မုံရွာ ဒုတိယဆင့် အောင်ထားတာ ဘုရား . . .။ မန္တလေးက ပထမဆင့်ပဲ အောင်တာ . . . မဖြေတော့ဘူး . . .။ မုံရွာအတွက် တတိယဆင့်လုပ်၊ မန္တလေးအတွက် ဒုတိယဆင့်လုပ်ဆိုရင် နှစ်ခုဆိုတော့ များလို့ မုံရွာပဲ လုပ်တော့တာ။”

“မုံရွာ အောင်အောင် လုပ်ပေါ့ကွာ။ ဘယ်တော့ ဖြေရမှာလဲ။”

“တစ်လလောက် လိုတော့တာ ဘုရား . . .။ တတိယဆင့် အောင်ဖို့တော့ သိပ်မလွယ်ဘူး . . .။ တတိယဆင့်ပြီးရင် ဘွဲ့ပေးတာဆိုတော့ သိပ်မအောင်ကြဘူး . . .။ မနှစ်က ရှစ်ဆယ်လောက် ဖြေတာ ခုနစ်ပါးပဲ အောင်တယ် . . .။ အဲဒီလောက်ပဲ အောင်တာ ဘုရား . . .။”

-----

ရုန်းကန်ခဲ့ရသည့် ၂၀၁၃ နောက်ဆုံးရက်၌ ရင်းရဲက ကိုရင် ရောက်လာသည်။  ကိုရင်သည် သာမဏေကျော် စာမေးပွဲ မြောက်များစွာ လှည့်လည် ဖြေဆိုခဲ့သည်။ ရန်ကုန်၊ မော်ကျွန်း၊ မန္တလေး၊ တောင်ကြီး၊ မုံရွာ . . . စသည်။

မြန်မာ့ ပရိယတ္တိ ပညာရေး လောက၌ သာမဏေ ဘ၀နှင့် ပြီးအောင်ဖြေဆိုရသော သာမဏေကျော် စာမေးပွဲသုံးဆင့် အောင်မြင်လျှင် သာမဏေကျော်ဘွဲ့ ရသည်။ ဘွဲ့နာမည်နောက်၌ . . . လင်္ကာရ ထည့်ခေါ်နိုင်သည်။ မကြာမီ ရဟန်းခံရတော့မည့် ကိုရင်အတွက် သာမဏေကျော် ဖြစ်ရန် အလားအလာ ရှိနေသေးသည်။ သို့သော် ကိုရင်၏ ယုံကြည် မျှော်လင့်ချက် ပါးလျလွန်းလှဟန် တူ၏။ သူဝင်ရောက်ဖြေဆိုရမည့် စာမေးပွဲ၏ အောင်ချက်သည် (သူ့အကြောင်းပြချက်နှင့်သူ) ဆယ်ရာခိုင်နှုန်းခန့်သာ ဖြစ်နေသည်ဆို၏။ ကိုရင်ကို ဘယ်လို အားပေးရမှန်း မသိ။

မကြာမီ စာမေးပွဲ ကျဆုံးမည့် ကိုးဆယ်ရာခိုင်နှုန်းသော အဆိုပါ သာမဏေကျော်လောင်း ကိုရင်များထဲ၌ ရဟန်းခံရန် အသက်ပြည့်ပြီဖြစ်၍ နောက်တစ်ကြိမ် ဖြေဆိုခွင့် ကြိုးစားခွင့် မရကြတော့မည့် ဂိတ်ပြုတ်သာမဏေများ မည်မျှပါလေမည်နည်း။ အဆိုပါ ကိုရင်များအတွက် တစ်ခု စဉ်းစားမိသည်။

သာမဏေကျော် တတိယဆင့် ရောက်ရှိပြီး သာမဏေကျော် ဘွဲ့ရရန် အလားအလား မရှိတော့သည့် (သို့မဟုတ်) အလားအလာ နည်းလွန်းနေသည့် သာမဏေများကို သီးသန့်လက်ခံ၍ ပစ္စည်းလေးပါး ပံ့ပိုးကာ ပညာသင်ကြားပေးရန်။ သင်တန်းကာလ တစ်နှစ် သတ်မှတ်ရန်။ (၁) ပရိယတ္တိ (သာမဏေကျော် တတိယဆင့်)၊ (၂) မြန်မာစာ၊ (၃) သင်္ချာ၊ (၄) အင်္ဂလိပ်စာ၊ (၅) ကွန်ပျူတာ-အင်တာနက်ဟူ၍ ဘာသာရပ်ငါးမျိုး သင်ကြားပေးရန်။ ငါးဘာသာ စာမေးပွဲစစ်ဆေးပြီး ထိုက်တန်သူကို ရာဟုလာ သာမဏေကျော်ဘွဲ့ ပေးအပ်ရန်။

ဘာသာရပ်များ ပိုလာ၍ အောင်မြင်ရန် ပိုခက်မည်လား။ ပုံမှန် ကြိုးစားမှုတော့ အထူး လိုအပ်မည်။ အထူး မခက်ခဲစေရန် ရည်ရွယ်၍ ဖြေသာသည့် မေးခွန်းပုံစံ လုပ်ပေးနိုင်သည်။ တစ်ဖန် အောင်ချက် ကောင်းလွန်းလျှင် သာမဏေကျော်များ များလွန်းလာလေမည်လား။ အရည်အချင်းရှိလျှင် အောင်ပါစေ။ အိုင်ကြီး၍ ငါးမသေနိုင်ပါ။

လူသားတို့၏ လောကီပညာရေး ဘွဲ့လက်မှတ်များကဲ့သို့ အလုပ်အကိုင် လျှောက်ထားရာတွင် အသုံးပြုရသည် မဟုတ်ဘဲ အကဲအဆင့် သတ်မှတ်ချက် တစ်ခုဖြစ်သော ဘွဲ့လက်မှတ်တစ်ခုကို ရှင်တို့ ကိုင်ခွင့် ရစေချင်သော အတွေးတစ်ခုသာ ဖြစ်၏။

-----

“အေးအေး။ ပြန်တော့ ပြန်တော့။ မုံရွာ သာဏေကျော် တတိဆင့် မအောင်လည်း နေပါစေကွာ။ အောင်ရင်တော့ ဆုလာယူလှည့်။”

အဆိုပါ သာမဏေကျော် အတွေးက ရုန်းကန်ရဦးမည့် ၂၀၁၄ကို ကြိုဆိုလိုက်တော့သည်။

(ဆက်ရန် . . . . .)

:)
ရှင်အာစာရ

No comments:

Post a Comment