Sunday, April 6, 2014

A Summer Course @Bamauk

 မနက်က ကျက်ထားတဲ့စာကို ဆိုကြမယ်။

(ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
I abstain from killing.
အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
I abstain from stealing.
ကာမေသုမိစ္ဆာစာရာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
I abstain from sexual misconduct.
မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
I abstain from telling lie.
သုရာမေရယမဇ္ဇပ္ပမာဒဋ္ဌာန ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
I abstain from intoxicating drinks and drugs.)

I abstain from killing. ကျွန်တော်သည် သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ပါသည်။ ကျွန်မသည် သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ပါသည်။ ရကြပြီနော်။ (ရပါပြီ ဘုရား။) ကိုယ့်ဟာကိုယ် ရှောင်ကြဉ်တာနော်။ ဘယ်သူက ခိုင်းလို့ ရှောင်ကြဉ်တာလဲ။ (ဘယ်သူမှ မခိုင်းပါ ဘုရား။) ကိုယ့်အသိစိတ်နဲ့ကိုယ် . . . သတ်တာဖြတ်တာ မကောင်းဘူးလို့ နားလည်သဘောပေါက်ပြီးတော့ . . . မသတ်တော့ပါဘူးလို့ ကိုယ့်ဟာကိုယ် ဆုံးဖြတ်လိုက်တာ။ သူတစ်ပါးက မသတ်ရဘူးလို့ အမိန့်ချမှတ်တဲ့အတွက် အဲ့ဒီအမိန့်ကို နာခံတဲ့ အနေနဲ့ မသတ်တာ မဟုတ်ဘူးနော်။ ကိုယ့်အဓိဋ္ဌာန်နဲ့ကိုယ် . . .။

သတ်တာ မကောင်းဘူးလို့ မြတ်စွာဘုရားကလည်း ဟောတယ်။ မြတ်စွာဘုရား မပွင့်ခင်ကလည်း သတ်တာမကောင်းဘူးလို့ သိနေကြတာပဲ။ ဒီ ငါးပါးသီလ အခြေခံကျင့်ဝတ်က ကမ္ဘာဦးကတည်းက ရှိတာ။ ဒီကျင့်ဝတ်ကို ကျင့်နိုင်ရင် ကျင့်နိုင်သလောက် . . . ကျင့်တဲ့ ပတ်ဝန်းကျင်မှာ အေးချမ်းတာပဲ။ ငြိမ်းချမ်းတာပဲ။ သတ်နေဖြတ်နေရင် ငြိမ်းချမ်းနိုင်ပါ့မလား။ (မငြိမ်းချမ်းနိုင်ပါ ဘုရား။) ဘယ်လို အကြောင်းပြချက်နဲ့ သတ်တာပဲဖြစ်ဖြစ် . . . ဘယ်သူ သတ်တာပဲဖြစ်ဖြစ် . . . ဘာကို သတ်တာပဲဖြစ်ဖြစ် . . . သတ်တာဟာ သတ်တာပဲ။ တမင်သက်သက် သေစေလိုတဲ့ ရည်ရွယ်ချက်ရှိရှိနဲ့ သတ်တယ်ဆိုရင် ဘယ်လိုသတ်ဖြတ်မှုမျိုးမှ မကောင်းဘူး။ ဟုတ်လား . . .။ (ဟုတ်ပါတယ် ဘုရား။)

သက်ရှိကို သတ်တာ မပြောနဲ့။ သစ်ပင်ကို သတ်တာတောင်မှ သစ်ပင်သေသွားရင် လောကမှာ စိုပြေမှု အေးချမ်းမှု လျော့သွားတာပဲ။ လူကိုသတ်တာ တိရစ္ဆာန်ကိုသတ်တာ မကောင်းသလို သဘာဝတရားကို သတ်တာလဲ မကောင်းဘူး။ ရေမြေတောတောင် မြစ်ချောင်းအင်းအိုင် သဘာဝတရားတွေလည်း သူ့သဘာဝအတိုင်း ရှိနေမှ ကောင်းတာ။ သတ်လို့ သေသွားရင် . . . သဘာဝတရား တစ်ခုခု သေသွားရင်လည်း လောကအလှ ပျက်တာပဲ။ အကျိုးဆက် အနေနဲ့ လောကထဲမှာ ဆင်းရဲဒုက္ခတွေ ဖြစ်ပေါ်လာနိုင်တာပဲ။ သတ်တာ မကောင်းဘူးလို့ သိတဲ့အတွက် I abstain from killing။ မသတ်ပါဘူးလို့ ကိုယ့်အသိစိတ်နဲ့ကိုယ် အဓိဋ္ဌာန်လိုက်တာ။

ဒီသိက္ခာပုဒ် ဒီကျင့်ဝတ်ကို ပြည့်ပြည့်စုံစုံ ကျင့်သုံးချင်တယ်ဆိုရင် မသတ်ရုံနဲ့ မပြီးသေးဘူး။ မညှင်းဆဲဖို့လည်း လိုသေးတယ်။ သတ်တော့ မသတ်ပါဘူး၊ ညှင်းဆဲတယ် နှိပ်စက်တယ်ဆိုရင်လည်း ကောင်းပါ့မလား။ (မကောင်းပါဘုရား။) အသတ်ခံရလို့ သေရတာ မကောင်းသလို အညှင်းဆဲ ခံရလို့ ဆင်းရဲရတာလည်း မကောင်းဘူး။ ဆင်းရဲဒုက္ခ ဘယ်သူမှ မလိုချင်ဘူး။

ညှင်းဆဲတယ်ဆိုတဲ့ tortureက နှစ်မျိုးရှိတယ်။ Physical Torture နဲ့ Mental Torture။ ဘာနဲ့ ဘာလဲ။ (Physical Torture နဲ့ Mental Tortureပါ ဘုရား။) Physical Tortureဆိုတာ ခန္ဓာကိုယ်ကို ညှင်းဆဲတာ။ ခန္ဓာကိုယ် အနာတရဖြစ်အောင် လုပ်တာ။ Mental Tortureဆိုတာက စိတ်ကို ညှင်းဆဲတာ။ စိတ်အနာတရဖြစ်အောင်၊ စိတ်ဆင်းရဲအောင်လုပ်တာ။ ဒါလည်း ညှင်းဆဲခြင်း တစ်မျိုးပဲ။

သတ်တော့ မသတ်ပါဘူး ခြေပြတ်လက်ပြတ် ဖြစ်အောင်လုပ်တယ်၊ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုခု အနာတရဖြစ်အောင် ရိုက်တယ်နှက်တယ် ဆိုရင် ပါဏာတိပါတ သိက္ခာပုဒ် အခြေခံကျင့်ဝတ် ပျက်တယ်လို့ မဆိုနိုင်ပေမယ့် စင်းလုံးချော မဟုတ်တော့ဘူး။ လုံးဝ ပျက်စီးသွားတာ မဟုတ်ပေမယ့် ကျိုးသွားပြီ ပေါက်သွားပြီ။ အကောင်း မဟုတ်တော့ဘူး။ သားတို့ သမီးတို့က အကောင်းကို ကြိုက်တာလား အကျိုးအပဲ့ အစုတ်အပြတ်ကို ကြိုက်တာလား။ (အကောင်းကို ကြိုက်တာပါ ဘုရား။) ကြိုက်တာ ယူကြ။

ခန္ဓာကိုယ်ကိုတော့ လက်ဖျားနဲ့တောင် မတို့ပါဘူး။ စိတ်ဆင်းရဲအောင် လုပ်တယ်၊ စိတ်နာအောင် လုပ်တယ်။ သားတို့ သမီးတို့ ကျောင်းမှာ ကစားကြရင်းနဲ့ ကြည့်မရတဲ့ တစ်ယောက်ကို ကိုယ်နဲ့မတည့်လို့ ၀ိုင်းပယ်လိုက်တယ် ဆိုပါစို့။ ကစားဝိုင်းက ဖယ်ထုတ်လိုက်တယ်၊ အတူတူ ကစားခွင့် မပေးဘူးဆိုရင် ခံရတဲ့သူ စိတ်မဆင်းရဲပေဘူးလား။ (ဆင်းရဲပါတယ် ဘုရား။) ကိုယ့်မှာရှိတဲ့မုန့် . . . သူငယ်ချင်း အားလုံးနဲ့ ဝေစားတယ် . . .။ အဲ့ဒီတစ်ယောက်ကိုတော့ အမြင်ကပ်လို့ မပေးဘူး။ ဖော်ဖော်ရွေရွေလည်း မဆက်ဆံဘူး။ အဲ့ဒါ . . . ဒေါသကြောင့် ဖြစ်တာပဲ။ မုန်းလို့လုပ်တာ။ မုန်းတယ်ဆိုတာ ဒေါသပဲ။ ပါဏာတိပါတ ကျင့်ဝတ် သိက္ခာပုဒ် ပျက်ရတာဟာ အမုန်းဒေါသကြောင့်ပဲ။ ဘာကြောင့်လဲ။ (အမုန်းဒေါသပါ ဘုရား။) မုန်းတယ် ဒေါသဖြစ်တယ်ဆိုတာ လူကြီးတွေမှ မဟုတ်ဘူးနော်။ သားတို့ သမီးတို့ ကလေးတွေ၊ ကျောင်းသူကျောင်းသားတွေ အတွက်လည်း မကောင်းဘူး။ အမုန်းမထား ဒေါသမထားပဲ သူငယ်ချင်းအားလုံး ဖော်ဖော်ရွေရွေ ခင်ခင်မင်မင် ရှိနေမှ ပျော်စရာ ကောင်းမှာပေါ့။ အမုန်းတွေပွားပြီး . . . Mental Torture စိတ်ဆင်းရဲအောင် လုပ်တယ်ဆိုရင် ကျင့်ဝတ်သိက္ခာပုဒ် ကျိုးပဲ့သွားတာပဲ၊ ညှိုးနွမ်းသွားတာပဲ။ သားတို့ သမီးတို့က ညှိုးတာကြိုက်လား လန်းလန်းဆန်းဆန်း ကြိုက်လား။ (လန်းလန်းဆန်းဆန်း ကြိုက်ပါတယ် ဘုရား။) ညှိုးနွမ်းတာနဲ့ လန်းဆန်းတာ . . . ဒါလည်း ကြိုက်တာသာ ယူကြပေတော့။

မသတ်ရုံ၊ မညှင်းဆဲရုံတင် မကဘဲ မသေသင့်တဲ့ သတ္တ၀ါတွေ၊ မသေသင့်တဲ့ သဘာဝတရားတွေ မသေရအောင် . . . ဆင်းရဲဒုက္ခ မရောက်ရအောင် . . . ကိုယ်ကိုယ်တိုင် မသတ်တဲ့အပြင်၊ မညှင်းဆဲတဲ့အပြင် ကိုယ့်ပတ်ဝန်းကျင်က တစ်ခြားလူတွေ သတ်ဖြတ်တာ ညှင်းဆဲတာ လျှော့သွားအောင်လည်း လုပ်ဖို့ လိုတယ်။

ကိုယ်နေထိုင်ရာ ကိုယ့်ပတ်ဝန်းကျင်မှာ ငြိမ်းချမ်းခြင်း အေးချမ်းခြင်းတွေ တိုးပွားဖို့အတွက် သက်ရှိကိုရော သဘာဝတရားကိုပါ သတ်ဖြတ်တာတွေ ညှင်းဆဲတာတွေ လျှော့ကျအောင် ပပျောက်အောင် စွမ်းဆောင်နိုင်သူတွေ ဖြစ်ကြပါစေ။

(3Apr14)

Comment:
ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ အာစာရ၏ ပို့ချချက်မှ ကောက်နုတ်ပူဇော်ပါသည်။

No comments:

Post a Comment