Sunday, July 13, 2014

၂၀၁၄-၂၀၁၅ ရာဟုလာ



"၂၀၁၄-၂၀၁၅ ရာဟုလာ"
(စိုင်ပြင်ရွာ၊ ဒီပဲယင်းမြို့နယ်၊ စစ်ကိုင်းတိုင်း)
-------

“အခုပညာသင်နှစ် ရာဟုလာမှာ ၀ါဆိုတာ ရဟန်း (၆)ပါး၊ သာမဏေ (၄၆)ပါးဆိုတော့ . . . (၅၂) ပါး ရှိပါတယ်။”

“ရဟန်း (၆)ပါးက . . . ကိုရင်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ အဓိကပေါ့။ ခြောက်ပါးထဲမှာ ကွန်ပျူတာ နားလည်တဲ့သူက နားမလည်တဲ့သူကို ပြန်သင်ပေးပေါ့။ သူတို့ကို အင်္ဂလိပ်စာနဲ့ သင်္ချာ အခြေခံကစ သင်ပေးတဲ့ ဆရာနှစ်ယောက် စီစဉ်ပေးထားပါတယ်။ အင်္ဂလိပ်စာကိုတော့ ဆရာတော် ဒေါက်တာ အာစာရလည်း သင်းပေးတာပေါ့။ မြန်မာစာလည်း လုပ်ပေးမယ် ပြောပါတယ်။ သင်္ချာ၊ အင်္ဂလိပ်စာ၊ မြန်မာစာနဲ့ ကွန်ပျူတာ အခြေခံကစပြီး သင်ယူချင်တဲ့ ရဟန်းသာမဏေ မည်သူမဆိုပေါ့၊ ရာဟုလာမှာ ဒုတိယ၀ါ လာဆိုချင်ရင်လည်း လက်ခံပါမယ်။ မည်သူမဆို လာနိုင်တယ် ဆိုပေမယ့် ဆက်စပ်ပတ်သက်တဲ့ တစ်ယောက်ယောက်က အပ်နှံပေးဖို့တော့ လိုအပ်ပါတယ်။”

“လက်ရှိ ၀ါဆိုတဲ့ ခြောက်ပါးနဲ့ ရွာထဲက လူငယ်တွေ စုစည်းပြီး လူတိုင်းတက်ရောက်နိုင်တဲ့ ကွန်ပျူတာသင်တန်း ဖွင့်လှစ်ဖို့ စီစဉ်နေပါတယ်။”

“ကိုရင်တွေကတော့ အ.ထ.ကမှာ ကျောင်းတက်ပါတယ်။ ဒီနှစ် နှစ်တန်းကနေ ကိုးတန်းအထိ ရှိပါတယ်။ အတန်းစာ သင်တယ်ဆိုပေမယ့် ကိုရင်စိတ် မပျောက်အောင်တော့ ဆုံးမရပါတယ်။ တန်းဆွမ်းကြွ၊ ဘုရားဝတ်တက်၊ ကျောင်းချိန်မဟုတ်ရင် ရှင်ကျင့်ဝတ်တို့ ပရိတ်တို့ ဆုံးမစာတို့ ကျက်ရပါတယ်။ ကျူရှင်မတက်တော့ဘူး။ Study Guide ထားပေးတယ်။ ကျူရှင် မတက်တော့ ဘုန်းကြီးစာကျက်ချိန် ပိုရတာပေါ့။ ပရိယတ် ဘုန်းကြီးစာ သက်သက်ကျက်တဲ့ ကိုရင်ကတော့ နှစ်ပါးပဲ ပါတယ်။ ကျန်တဲ့ကိုရင်တွေတော့ အတန်းစာပဲလုပ်ခိုင်းတယ်။ အတန်းကျောင်းတက်တဲ့ အထဲက ဘုန်းကြီးစာပဲ ကျက်တော့မယ်ဆိုတဲ့ ကိုရင်တွေလည်း ပါပါတယ်။ သူတို့ကို သူတို့မိဘကလည်း စိတ်မချဘူး၊ ကြီးကြပ်တဲ့ ဆရာဘုန်းကြီးတွေကလည်း စိတ်မချဘူး။ နောက်မှ လူထွက်ချင်ရင် ခက်မယ်။ အခြေခံပညာ တတ်ထားပြီးမှ၊ ဖြစ်နိုင်ရင် ဆယ်တန်းအောင်ပြီးမှ ဘုန်းကြီးစာ လုပ်ဖို့ ပြောထားရတယ်။ ရှင်ရဟန်း ဘ၀နဲ့ ဘုန်းကြီးစာ ကျက်တာက သိပ်ပြီးနောက်ကျတယ် မရှိဘူး။ ငယ်တုန်းမှာ ကိုရင်ပီပီ နေထိုင်ပြီး အတန်းစာပဲ လုပ်စေချင်တယ်။ အတန်းစာလုပ်ရင်း ဘုန်းကြီးစာ နည်းနည်းချင်း မိတ်ဆက်ထားရုံလောက်ပဲ။ နှစ်လမ်းသွား ဦးတည်ထားတယ်။”

“ငယ်ငယ်က ဘုန်းကြီးစာပဲ လုပ်ထားပြီး သာသနာ့ဘောင်မှာ မပျော်တော့ဘူး ဖြစ်လာရင် . . . အတန်းစာ မရှိတဲ့အတွက် လူမထွက်ရဲဘူးဆိုတော့ . . . သာသနာအတွက် ဟုတ်တိပတ်တိ အကျိုးပြုနိုင်မှာ မဟုတ်ဘူး။ သာသနာ့ စီးကြောင်းမှာ အမှိုက်သရိုက် ဒိုက်ဖတ်လို ဖြစ်သွားနိုင်တယ်။ အတန်းစာ သင်ခိုင်းတာ လူထွက်ဖို့ အားပေးရာ ရောက်သလားဆိုတော့ . . . အတန်းစာ တတ်တတ် မတတ်တတ် ထွက်တဲ့သူကတော့ ထွက်မှာပဲ။ အတန်းစာတတ်လည်း ဘုန်းကြီးဘ၀နဲ့ နေနိုင်တာပဲ။ ထွက်ချင်ရက်နဲ့ မထွက်ရဘဲ မိမိအကျိုး လောကအကျိုး သာသနာ့အကျိုး အကျိုးများစွာ ယုတ်လျော့တာမျိုး မဖြစ်စေချင်ဘူး။ ရာဟုလာက ကိုရင်တွေ အလယ်တန်း အထက်တန်း အောင်ပြီးလို့ လူထွက်ကြတယ် ဆိုရင်လည်း သာမန်ကျောင်းသားထက်တော့ ဘာသာရေးစိတ်ဓာတ် မြင့်နေမှာပါ။ ရဟန်းဘောင် တက်မယ်ဆိုရင်လည်း ဆယ်တန်းအောင်ချိန်ဆိုရင် အရွယ်ကောင်းပဲ ရှိသေးတယ်။ သာသနာအတွက် အလုပ်လုပ်ဖို့ အချိန်တွေ အများကြီး ကျန်ပါသေးတယ်။


:)
ဒေါက်တာ ဘဒ္ဒန္တ အာစာရ

No comments:

Post a Comment