"ရာဟုလာမှ အိပ်ဖွင့်ပေးစာ (၈)"
-----
တော်သေးပြီ။
မေတ္တာဖြင့်
ဒေါက်တာ ဘဒ္ဒန္တ အာစာရ
စကားကြွင်း -
သက်ဆိုင်သူများ အားလုံးသို့ ရည်ညွှန်းပါသည်။
-----
ဓမ္မနဲ့ တည်ဆောက်တဲ့ ဘ၀မှ မြင့်မြတ်တာ မဟုတ်လား။
ဒီနေ့မနက် ကိုးနာရီမှာ mntvက ထုတ်လွင့်တဲ့ “ဓမ္မစကူးလ်”ကို ကြည့်လိုက်ရတယ်။ ကောင်းလိုက်တာလို့ ပြောစရာမှ မလိုတာ။ ကလေးတွေ အစိတ်သုံးဆယ်လောက်ကို ဆရာတစ်ယောက်က တက်တက်ကြွကြွ သင်ပေးနေတာ။ စနစ်ကျ၊ သပ်ရပ်၊ ခမ်းနား၊ ခေတ်မီ။ ချီးကျူးဖို့ စကားလုံးတွေ ဒီထက်မက ရှိအုံးမယ်။ ဒီလောက်ဆို ရပါပြီ။ မူလတန်း ကလေးတွေကို ဗုဒ္ဓ၀င်သင်တာ။ ဆရာသင်တာက ပုံလေးတွေနဲ့။ ကလေးတွေလည်း ပျော်လို့။ ဆရာလည်း ပျော်လို့။ လက်ခုပ်တီးလိုက်၊ လက်အုပ်ချီလိုက်နဲ့ မြိုင်နေတာပဲ။ ကလေးတွေကို အုပ်စုခွဲပေးပြီး တစ်အုပ်စုချင်း ဗုဒ္ဓ၀င်ပုံလေးတွေရဲ့ အဓိပ္ပာယ်ကို ပြောခိုင်းတာ။ “မယ်တော်မာယာက အင်ကြင်းပင်ကို ကိုင်ပြီး ဘုရားလောင်းကို မွေးဖွားပါတယ်။ ဘုရားလောင်းက မွေးဖွားပြီးပြီးချင်း ခုနစ်လမ်း(လှမ်း) သွားပါတယ်။” “တော်လိုက်တာ။ သူငယ်ချင်းကို အားပေးကြပါအုံး”လို့ ဆရာက တောင်းဆိုတော့ ကျန်တဲ့ကလေးတွေက လက်ခုပ်တီးပြီးအားပေး၊ အဓိပ္ပာယ် ပြောပြတဲ့ ကလေးက သူ့အုပ်စုထဲ ပြန်ထိုင်ပေါ့။ တောထွက်တာ၊ တောထွက်ခန်းမှာ မာရ်နတ်တားတာ၊ တောထဲမှာ ဘုရားလောင်း ခက်ခက်ခဲခဲ (ဒုက္ကရစရိယာ) ကျင့်တာ၊ ဘုရားဖြစ်တာ၊ ဘုရာဖြစ်ပြီး လာဖျက်တဲ့ မာရ်လက်နက်တွေ ဘုရားခြေတော်ရင်းမှာ ပန်းပေါက်ပေါက် ဖြစ်ကုန်တာ၊ သုဇာတာ နို့ဆွမ်းကပ်တာတွေကိုလည်း တစ်အုပ်စုစီက ပုံလေးတွေနဲ့၊ တစ်ယောက်ချင်းစီ အဓိပ္ပာယ် ပြောပြကြ၊ လက်ခုပ်တီး အားပေးကြနဲ့ ပေါ့။ နောက်တစ်ခုက ဗုဒ္ဓ၀င်ပုံတွေကို သင်ပုန်းပေါ်မှာ အစဉ်ကျအောင် ပြန်စီကြရပြန်တယ်။ ပုံတစ်ခုချင်း အစဉ်မှန်အောင် ပြန်စီတော့လည်း အားပေးတဲ့ လက်ခုပ်သံတွေနဲ့ ပျော်နေကြတာပဲ။ ခဏနားချိန် မုန့်ကြွေးတာကတော့ ကလေးတွေအတွက် ပိုပြီး ပျော်စရာ ကောင်းမှာပေါ့။ ဓမ္မနဲ့ တည်ဆောက်တဲ့ ပျော်စရာ ဘ၀ အစပေါ့။ ဘ၀ အစမှာ လက်ခုပ်တီးတတ်တဲ့အကျင့် ရသွားရင်ကိုပဲ မနည်းတော့ဘူးလို့ ပြောလို့ ရတာပေါ့။
ရွာက ရာဟုလာမှာတော့ အဲ့ဒီလောက် မဟုတ်ပါဘူး။ စစချင်းတုန်းကတော့ အတန်းစုံ ကျောင်းသူကျောင်းသားတွေ လေးငါးခြောက်ရာလောက် ရှိတာဆိုတော့ ဘာကို ဘယ်လိုသင်ရမှန်း မသိအောင်ပဲ။ ခုတော့ ကောက်ရိုးမီး အရှိန်ကျသွားတာလည်း ပါမယ်။ အနှောင့်အယှက် အတားအဆီးတွေကြောင့်လည်း ဖြစ်မယ်။ တစ်ပိုင်တစ်နိုင် စာသင်ခန်းလောက်ပဲ ရှိတော့တာ။ တစ်စုတစ်စုမှာ ကျောင်းသူကျောင်းသား အစိတ် သုံးဆယ်လောက်ပဲ ရှိတော့တာ။ အဆင်ပြေတာပေါ့။ ကောက်ရိုးမီး အရှိန်ကျတာ မကောင်းပေမယ့် ဖြေသာပါတယ်။ ဒီမှာက ဒီလို ဖြစ်တတ်တဲ့ သဘာဝမို့ ဒီလို ဖြစ်ကို ဖြစ်ရမှာကိုး။ မဖြစ်သင့်တာက အနှောင့်အယှက် အတားအဆီးတွေ။ ကလေးတွေ ရာဟုလာမှာ ကျောင်းမတက်ရေး၊ ဆရာတွေ ရာဟုလာမှာ မသင်ကြားရေး . . . . . စတာတွေပေါ့။ ရွာက ရာဟုလာမှာလည်း စိတ်ဝင်စားတဲ့ ကလေးတွေ၊ စိတ်ဝင်စားတဲ့ ဆရာတွေ ရှိတာပေါ့။ ဟုတ်တယ်။ ဆရာတွေ ရာဟုလာနဲ့ မပတ်သက်ဖို့ သြ၀ါဒ ပေးတာတို့၊ ရာဟုလာနဲ့ ပတ်သက်တဲ့ ကလေးတွေ အနှိမ်ခံရတာ၊ အမဲခံရတာ၊ အတီးခံရတာတို့ ကြားရတော့ ဘယ်စိတ်ကောင်းပါ့မလဲ။ ရာဟုလာမှာက တရားဓမ္မပဲ သင်တာလေ။ သူတို့ပညာရေးအတွက် အတန်းစာ ကျောင်းတက်တော့ အဖိခံရတာပေါ့။ အစိုးရကျောင်းတက်တဲ့ ကလေးတွေ အဲ့ဒီလို အဖြစ်ဆိုး ကြုံရတယ်လို့တော့ မကြားမိသေးပါဘူး။ ဖြစ်တာက ဘ-ကကျောင်းတက်တဲ့ ကလေးတွေ ခံရတာတဲ့။ ဒီလိုနဲ့ ရာဟုလာနဲ့ ဝေးသွားတဲ့ ကလေးတွေ ဘယ်လောက်များလည်းတော့ မသိပါဘူး။
ခုနက စခဲ့တဲ့ ဓမ္မစကူး ဖောင်ဒေးရှင်းရဲ့ သင်တန်းတွေ အရှိန်ရနေတာ တော်တော်ကောင်းတယ်။ ရေရှည်မှာ နိုင်ငံသူ နိုင်ငံသားတွေ ဗုဒ္ဓဘာသာ အခြေခံကောင်း ခိုင်မာသွားမှာပါ။ ဓမ္မစကူး ဖောင်ဒေးရှင်း အောင်မြင်ရင် အောင်မြင်သလောက် အမျိုးဘာသာ သာသနာ အကျိုးရှိမှာပေါ့။ ဗုဒ္ဓဘာသာ ပညာရေးနဲ့ ပတ်သက်လို့ သံဃာထု အတွက်တော့ လိုအုံးမယ် ထင်တယ်။ ဓမ္မစကူးလ်တွေက ကလေးတွေကို တရားဓမ္မ သင်ပေးနေတာဆိုတော့ နိုင်ငံသူ နိုင်ငံသားတွေအတွက် ဗုဒ္ဓဘာသာ အခြေခံ အဆင်ပြေပြီ။ စာသင်တိုက်က ကိုရင်တွေ၊ ဦးဇင်းတွေ အတွက်တော့ လိုအုံးမယ် ထင်တယ်။ စာသင်တိုက်တွေမှာ သင်ရတာက တရားဓမ္မ နည်းသေးတယ် ထင်တာပဲ။ ဆိုလိုတာက လက်ရှိ သင်ရိုးရဲ့ ရာခိုင်နှုန်း တော်တော်များများမှာ နေရာယူထားတာက ပါဠိသဒ္ဒါ။ ဘာသာစကား အဓိကလို ဖြစ်နေတယ်။ နောက်ပြီး အဘိဓမ္မာ။ သဒ္ဒါနဲ့ အဘိဓမ္မာ။ ဘုရားစကားကို အဓိပ္ပာယ်ဖော်နိုင်အောင် ပါဠိဘာသာ လေ့လာသင်ယူဖို့ လိုအပ်တာ မှန်ပါတယ်။ အဘိဓမ္မာ ပရမတ်အမြင် လိုအပ်တာလည်း မှန်ပါတယ်။ ဒါပေမယ့် စာသင်သားက ဘုရားစကားကို ဘယ်လိုအဓိပ္ပာယ် ဖော်သလဲ၊ ဘယ်လိုအဓိပ္ပာယ် ပေါက်သလဲ၊ အဘိဓမ္မာ အမြင်၊ အဘိဓမ္မာ အကျင့် အဆင့်အတန်း ဘယ်လိုလဲ။ စာဝါတွေ ပြီးလာတော့ လက်တွေ့ပိုင်းမှာ ဘယ်လို သက်ရောက်မှု ရှိသလဲ။ စာချဆရာတော် ဘာလဲ၊ ဘယ်လဲ။ စာသင်သား ဘာလဲ၊ ဘယ်လဲ။ ပါရမီဗီဇကောင်းတဲ့ စာသင်သား၊ သီးခြား ဆုံးမတတ်တဲ့ ဆရာသမားနဲ့ တွေ့ရတဲ့ စာသင်သား စတဲ့ ချွင်းချက်တွေ မြောက်များစွာထဲမှာ စာသင်သား အများစုကတော့ ပါဠိသဒ္ဒါနဲ့ အဘိဓမ္မာကို စာအဖြစ် သင်ယူရင်း လူလားမြောက်ကြရတာ။ ပရိယတ္တိ ပညာရေးက စာသင်သားရဲ့ ဓမ္မနဲ့ တည်ဆောက်တဲ့ ဘ၀ ဖြစ်တည်လာဖို့ ဘယ်လို ပံ့ပိုးပေးသလဲ။ ဘယ်လောက်ထိ ပံ့ပိုးပေးသလဲ။ မေးခွန်းတွေ စဉ်းစားမိတာ သက်သက်ပါ။

No comments:
Post a Comment