Monday, July 16, 2012

ရည်ရွယ်ချက်နှင့် လုပ်ငန်းစီမံချက်

ဆရာတော် ဒေါက်တာ အရှင်အာစာရ ဦးစီးတည်ထောင်သည့် “ရာဟုလာ” ဓမ္မသင်တန်းကျောင်း၏ ရည်ရွယ်ချက်မှာ
၁။ ကျောင်းသူကျောင်းသားများ အင်္ဂလိပ်စာ အခြေခံနှင့် ဗုဒဘာသာ အခြေခံ ရရှိစေရန်၊
၂။ လူငယ်များ အခြေခံပညာ သင်ယူခွင့် ပိုမို ရရှိစေရန်နှင့်
၃။ ပရိယတ္တိသာသနာတော်ကို မြှင့်တင်ရန် ဖြစ်ပါသည်။

ရည်ရွယ်ချက် (၁)အတွက် အနည်းဆုံး (ပထမတန်းမှ သတ္တမတန်းအထိ) တန်းခွဲ ခုနစ်ခု ခွဲ၍ သီတင်းပတ်စဉ် အစိုးရကျောင်းပိတ်ရက်များ ဓမ္မသင်တန်းများ ဖွင့်လှစ်ပါမည်။ တန်းခွဲတိုင်းအတွက် ကျောင်းသုံးစာအုပ်များ စီစဉ်ပြီး “ဗုဒဘာသာ မြန်မာစာ” နှင့် “ဗုဒဘာသာ အင်္ဂလိပ်စာ” ဘာသာပ်ရပ်နှစ်မျိုး သင်ကြားပေးပါမည်။ ၂၀၁၂-၂၀၁၃ ပညာသင်နှစ် ပထမတန်း စတင်ဖွင့်လှစ်ပါမည်။ နှစ်စဉ် တစ်တန်းစီး တိုး၍ ဖွင့်လှစ်သွားပါမည်။ ရက်ရှည်ကျောင်းပိတ်ရက်များ၌ သင့်တော်သည့် ဓမ္မသင်တန်းများ ဖွင့်လှစ်ပါမည်။

ရည်ရွယ်ချက် (၂)အတွက် အစိုးရ အခြေခံပညာသင်ကျောင်း မဖွင့်လှစ်ရသေးသော ကျေးရွာများ မူလတန်းအဆင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ  ဖွင့်လှစ်နိုင်အောင် ပံ့ပိုးပေးပါမည်။ မူလတန်းကျောင်းသာရှိ၍ လယ်တန်းကျောင်း အထက်တန်းကျောင်းများနှင့် အလှမ်းဝေးသော ကျေးရွာများမှ ကျောင်းသူကျောင်းသားများအတွက် အထက်တန်းကျောင်း ရှိရာဒေသများ အခမဲ့ (သို့မဟုတ်) စရိတ်သက်သာသော (အလယ်တန်းနှင့် အထက်တန်း) ဘော်ဒါဆောင်များ ဖွင့်လှစ်ပါမည်။ အဆောင်နေ ကျောင်းသူကျောင်းသားများကို ကျောင်းအားချိန်များ ဓမ္မသင်ခန်းစာများ လေ့လာစေပါမည်။ အခါအားလျော်စွာ ဓမ္မစကားဝိုင်း (workshop)များ ပြုလုပ်စေပါမည်။

ရည်ရွယ်ချက် (၃)အတွက် ရှင်သာမဏေများကို ပစ္စည်းလေးပါး ထောက်ပံ့၍ ပရိယတ္တိစာပေများ သင်ကြားပေးပါမည်။ အထူးသဖြင့် သာမဏေကျော် စာမေးပွဲများ ၀င်ရောက်ဖြေဆိုမည့် ရှင်သာမဏေများကို သီးသန့် ပြုစုပျိုးထောင်ပေးပါမည်။

မြန်မာနိုင်ငံ နေရာအနှံ့အပြား ဓမ္မသင်တန်းကျောင်းများ များနိုင်သမျှများများ ဖွင့်လှစ်သွားပါမည်။ အရပ်ဒေသ၏ လိုအပ်ချက်နှင့် ဖြစ်နိုင်ချေအပေါ် မူတည်၍ ရည်ရွယ်ချက် တစ်မျိုးဖြစ်စေ၊ နှစ်မျိုးဖြစ်စေ၊ သုံးမျိုးလုံးဖြစ်စေ အကောင်အထည်ပေါ်အောင် ဆောင်ရွက်သွားပါမည်။

ယခုအခါ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ရင်းရဲကျေးရွာ (ဆရာတော် ဒေါက်တာ အရှင်အာစာရ၏ ဇာတိ) ဘုန်းတော်ကြီးကျောင်း ပထမတန်း ဓမ္မသင်္ခန်းစာများ သင်ကြားနေပြီ ဖြစ်ပါသည်။ ယခင်က ဖွင့်လှစ်ထားပြီးဖြစ်သော ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (မူလွန်)ကိုလည်း ပံ့ပိုးလျက် ရှိပါသည်။

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် စိုင်ပြင်ကြီးကျေးရွာ (လယ်တီဆရာတော်ဘုရားကြီး၏ ဇာတိ) ရည်ရွယ်ချက် တစ်မျိုးဖြစ်စေ၊ နှစ်မျိုးဖြစ်စေ၊ သုံးမျိုးလုံးဖြစ်စေ အကောင်အထည်ပေါ်အောင် ဆောင်ရွက်နိုင်ရေးအတွက် (အလှူရှင် လှူဒါန်းသည့် မြေနေရာ၌ ယာယီဆောင် ဆောက်လုပ်၍) ဓမ္မသင်တန်းကျောင်း တည်ထောင်ဖွင့်လှစ်ရန် စီစဉ်လျက် ရှိပါသည်။

No comments:

Post a Comment