Tuesday, March 8, 2016

အဖိုးတန် နွေတစ်လ

အာဂ ကလေးများ
အဓိပ္ပာယ်ရှိသော ကလေးများ
မျိုးဆက်သစ်ကောင်းများအတွက်
အဖိုးတန် နွေတစ်လ

- အာဂုံရမှ အာဂလူ
- အဓိပ္ပာယ်သိမှ အဓိပ္ပာယ်ရှိတဲ့လူ

Tuesday, February 23, 2016

ပြင်ပအကြောင်းတရား


“ဦးဇင်းရေးတဲ့စာ ဖတ်ပြီး လန့်သွားပဲ ဘုရား။”

“ဖြစ်ရလေ။ ဘယ်စာဖတ်ပြီး ဘာလို့ လန့်ရတာလဲ။”

“မနေ့က စာလေ။ ကံကိုချည်းသာ မယိုးရာ . . .။ ကံကိုယုံလွန်းရင် မိစ္ဆာဒိဋ္ဌိ ဖြစ်တယ်ဆိုတာကို လန့်တာပါ ဘုရား။”

“လုပ်ပြီ။ ကံကိုယုံလွန်းလို့ မိစ္ဆာဒိဋ္ဌိ ဖြစ်ရတာ မဟုတ်ပါဘူး။ ကံကိုယုံတာကတော့ ယုံလေကောင်းလေပါ။ ကံတစ်ခုတည်း ပုံမချဖို့ ပြောတာပါ။”

“တင်ပါ့။ တပည့်တော် စကားမှားသွားတာပါ။ အဲ့ဒါနဲ့ ပတ်သက်လို့ နေရာတကာမှာ ကံအကြောင်းတော့ ပါမှာပဲလို့ နားလည်တယ် ဘုရား။”

“အဲ့ဒီစာထဲမှာလည်း ပြောတယ်တယ်လေ။ ကံကို အကြောင်းတရား တစ်ခုအဖြစ် ထည့်သွင်းစဉ်းစားဖို့ ပြောထားသားပဲ။ ကမ္မ၀ိပါကော အစိန္တေယျော . . . တဲ့။ ကံနဲ့ ပတ်သက်လို့ သာမန်လူတွေ ကြံစည်စားရင် ပြည့်ပြည့်စုံစုံ နားမလည်နိုင်ဘူး။ ဘုရားရှင်ပဲ သိနိုင်တာ . . .။ ကိုယ်မသိနိုင်တဲ့ ကံအကြောင်းတရားကိုပဲ လုံးလုံးပုံချလိုက်ပြီး မြင်သာတဲ့ အကြောင်းတရားတွေကို မျက်ကွယ်ပြုထားတတ်ကြလို့ သတိပေးတာပါ။”

“တင့်ပါ့။ မိစ္ဆာဒိဋ္ဌိဆိုတော့  . . . အပြစ်ကြီးလွန်းလို့ လန့်သွားတာပါ ဘုရား။”

“မိစ္ဆာဒိဋ္ဌိ မဖြစ်အောင် အကြောင်းစုံကို ထည့်သွင်းစဉ်းစားရုံ ရှိတာပဲ။ ဘာမှ လန့်စရာ မလိုပါဘူး။”

“နောက်ပြီးတော့ ဘုရား . . . အဲ့ဒီစာထဲမှာ ပေးထားတဲ့ ဥပမာ . . .။ ပိတ်ပင် တားဆီး ဟန့်တားတတ်တဲ့ ပတ်ဝန်းကျင်၊ ပိတ်ပင် တားဆီး ဟန့်တားတတ်တဲ့ အသိုက်အ၀န်း၊ ပိတ်ပင် တားဆီး ဟန့်တားခွင့်ရှိတဲ့ ခေတ်ကာလဆိုတဲ့ အကြောင်းတရားတွေကို ထည့်သွင်းစဉ်းစားဖို့ ပြောတဲ့ဟာလေ . . .။ အဲ့ဒီလို ပတ်ဝန်းကျင်၊ အဲ့ဒီလို အသိုက်အ၀န်း၊ အဲ့ဒီလို ခေတ်နဲ့ ကြုံရတာကိုက ကံကြောင့်ပဲ မဟုတ်ဘူးလား။”

“အင်း . . . ကံဆီပဲ ပြန်ရောက်နေပါလား။ အဲ့ဒီလို စဉ်းစားရင်လည်း ရပါတယ်။ ဒါပေမယ့် ဥပမာ . . . လူတစ်ယောက်၊ ဘုန်းကြီးတစ်ပါး ပိတ်ပင်ထားဆီး နှောက်ယှက်ခံရတယ် ဆိုပါစို့။ သူတစ်ယောက်ပဲ ခံရတယ် ဆိုရင်တော့ သူ့ကံကြောင့်လို့ ပြောတာ ခိုင်မာပါတယ်။ ဒါပေမယ့် . . . ပိတ်ပင်တားဆီး နှောက်ယှက်ခံရတာက သူတစ်ယောက်တည်း မဟုတ်ဘူး ဆိုရင်တော့ ပြင်ပအကြောင်းတရားက အားကောင်းနေပြီ။ ဆိုပါစို့ . . . လူတစ်ရာ၊ ဘုန်းကြီးတစ်ရာမှာ တစ်ရာလုံး ပိတ်ပင်တားဆီး နှောက်ယှက်တာ ခံရမယ့် အခြေအနေမျိုးဆိုရင် ဘယ်လိုလုပ်မလဲ။ လူတစ်ထောင်၊ ဘုန်းကြီးတစ်ထောင်မှာ တစ်ထောင်လုံး ပိတ်ပင်တားဆီး နှောက်ယှက်တာ ခံရမယ့် အခြေအနေမျိုးဆိုရင် ဘယ်လိုလုပ်မလဲ။ ဘယ်သူလာလာ လာချင်သူလာ ပိတ်ပင်မယ် တားဆီးမယ် နှောက်ယှက်မယ်ဆိုတဲ့ ပတ်ဝန်းကျင်မျိုးဆိုရင် . . . အဲ့ဒီလို ပတ်ဝန်းကျင်၊ အဲ့ဒီလို လူ့အသိုက်အ၀န်း . . . ပြင်ပအကြောင်းတရားက သေချာခိုင်မာ မနေဘူးလား။ စောစောက ပြောခဲ့တဲ့ . . . လူတစ်ရာ ဘုန်းကြီးတစ်ရာ၊ လူတစ်ထောင် ဘုန်းကြီးတစ်ထောင်မှာ တစ်ရာလုံး၊ တစ်ထောင်လုံး ပိတ်ပင်တားဆီး နှောက်ယှက်တာ ခံရဖို့ အတိတ်ကံဆိုး အတိတ်ကံဟောင်း ကံကြွေးတွေ ရှိတယ်လို့ ပြောနိုင်မလား။”

“ရာနှုန်းပြည့် ဆိုတာတော့ . . . မဖြစ်နိုင်လောက်ဘူး ထင်ပါတယ် ဘုရား။ ပတ်ဝန်းကျင် အသိုက်အ၀န်းဆိုတဲ့ ပြင်ပအကြောင်းတရားကို ခုမှ ပိုပြီး သဘောပေါက်သွားတယ် . . .။ ကျေးဇူးပါ ဘုရား . . .။”

:)
ရှင်အာစာရ

Monday, February 22, 2016

ကံကိုချည်းသာ မယိုးရာ

ဗုဒ္ဓဘာသာဝင်တို့ အနေဖြင့် ကံနှင့် ကံ၏အကျိုးကို လက်ခံယုံကြည်ကြရမည် ဖြစ်သော်လည်း အရာရာတိုင်းအတွက် ကံကိုသာ ပုံမချသင့်ပေ။ ကောင်းဆိုးကိစ္စ ကြုံရလေတိုင်း အတိတ်ကံကြောင့်သာ ဖြစ်သည်ဟု မဆိုသင့်ပေ။ မဆိုကောင်းပေ။ ကြုံရသည့် ဘ၀ဖြစ်ရပ်တိုင်းအတွက် အကြောင်းတရား များစွာပါဝင်ပေသည်။ ထိုအကြောင်းတရား များစွာအနက် အတိတ်ကံသည်လည်း အကြောင်းတရားတစ်ခု ဖြစ်နိုင်ပေ၏။

ဖြစ်ရပ်တိုင်းအတွက် ကံ၊ စိတ်၊ ဥတု၊ အာဟာရ၊ ပတ်ဝန်းကျင်၊ လူမှုအသိုက်အ၀န်း အစရှိသော အကြောင်းတရား မြောက်များစွာ ရှိနေသည့်အနက် ကံကိုသာ တစ်ခုတည်းသော အကြောင်းတရားအဖြစ် ယုံမိလျှင် အယူမှား၏။ မိစ္ဆာဒိဋ္ဌိ ဖြစ်၏။ (ပုဗ္ဗေကတဟေတုဒိဋ္ဌိ၊ အတိတ်ကံကြောင့်သာ ဖြစ်ရသည်ဟု အယူမှားယွင်းမှု)

ဥပမာအားဖြင့် လူမှုရေး သာသနာရေး ဆောင်ရွက်ကြရာ၌ အနှောင့်အယှက် တွေ့ရသည်၊ အတားအဆီးနှင့် ကြုံရသည်၊ အဟန့်အတား ခံရသည် ဆိုပါစို့။ ထိုသို့ အတားအဆီး အနှောင့်အယှက် အဟန့်အတားများနှင့် ကြုံရသောအခါ . . . အရင်ဘ၀က သူတစ်ပါးကို တားဖူးသည့်အတွက်ကြောင့် ပြန်လည်၍ အတားခံရသည်၊ အရင်ဘ၀က သူတစ်ပါးကို နှောင့်ယှက်ဖူးသောကြောင့် ပြန်လည်၍ နှောင့်ယှက်ခံရသည်၊ အရင်ဘ၀က သူတစ်ပါးကို ဟန့်တားဖူးသောကြောင့် ပြန်လည်၍ ဟန့်တားခံရသည်ဟု ကံကိုသာ လက်ညှိုးထိုးတတ်ကြသည်။ အတားအဆီး အနှောင့်အယှက် အဟန့်အတားများနှင့် ကြုံရခြင်းသည် ကံနှင့်မဆိုင်ဟု မငြင်းဆိုနိုင်ပေ။ သို့သော် ကံကြောင့်သာ ဖြစ်ရသည်ဟုကား မဆိုကောင်းပေ။ အကြောင်းအမျိုးမျိုးကို ထည့်သွင်းစဉ်းစားရမည် ဖြစ်၏။ တားဆီးတတ် နှောင့်ယှက်တတ် ဟန့်တားတတ်သော ပတ်ဝန်းကျင်၊ တားဆီးတတ် နှောင့်ယှက်တတ် ဟန့်တားတတ်သော လူ့အသိုက်အ၀န်း၊ တားဆီးခွင့် နှောင့်ယှက်ခွင့် ဟန့်တားခွင့် ရှိနေသော ခေတ်ကာလ အစရှိသော အကြောင်းတရားများကို ထည့်သွင်းစဉ်းစားနိုင်သော အသိဥာဏ် ရှိဖို့ လိုအပ်ပေသည်။ ထိုအသိဥာဏ် မရှိလျှင် အတိတ်ကံကိုသာ လက်ညှိုးထိုးသည့် အယူမှားမှု မိစ္ဆာဒိဋ္ဌိသို့ ကျရောက်သွားပေလိမ့်မည်။

ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး အစရှိသော နေ့စဉ်ဘ၀ ကိစ္စရပ်များနှင့် ဆက်စပ်၍၊ အထူးသဖြင့် မလိုလားအပ်သော အဖြစ်ဆိုးများနှင့် ပတ်သက်၍ . . . အရာရာမှာ ကံကြောင့်သာ ဖြစ်ရသည်ဟု တစ်ထစ်ချ တရားသေ မယုံမှတ်ဘဲ ဖြစ်သင့်သော အကြောင်းတရား များစွာကို ရှုမြင်၍ အမြင်မှန် သမ္မာဒိဋ္ဌိ ရရှိနိုင်ကြပါစေကြောင်း . . .။

:)
ရှင်အာစာရ

Wednesday, February 3, 2016

ထိခြင်း ခိုက်ခြင်း

“ဟလို . . . . .”

“ဘုန်းဘုန်း . . . တပည့်တော် . . .။”

“ပြော . . . . .။”

“ထိတယ် ခိုက်တယ် ဘေးသင့်တယ်ဆိုတာ တကယ်လား။ တစ်ခုခု လုပ်မိလို့ ခိုက်တယ်ဆိုတာ . . . ဗုဒ္ဓဘာသာ တရားသဘောအရ မှန်သလား . . . သိချင်လို့ပါ ဘုရား။”

“အင်း . . . လူတွေ ပြောပြောနေကြတဲ့ ထိတယ် ခိုက်တယ် ဆိုတာတွေဟာ အယူးသီးတာတွေပါ။ တရားသဘောအရတော့ . . . အခြေခံကျတဲ့ ကံကံ၏အကျိုး ဆိုတာပဲ . . . ရှိပါတယ်။ အကြောင်းရင်း အစစ်အမှန်ကို မကောက်ယူတတ် မကောက်ယူနိုင်တဲ့အတွက် . . . တစ်ခုခုကြောင့် ထိရတာဆိုပြီး လွယ်လွယ်ပြောကြရာကနေ . . . အယူသီးမှု ဖြစ်လာတာပါ။ တိုက်ဆိုင်မှု တစ်ခုကို . . . အကျိုးနဲ့အကြောင်း အစစ်အမှန်ရယ်လို့ အကောက်အယူ မှားရာကနေ ဖြစ်လာတာပါ။ အဓိကကတော့ . . . အသိဥာဏ် နည်းခြင်းရဲ့ ရလဒ်ပါပဲ။ ဗုဒ္ဓဘာသာရဲ့ တရားသဘောကို နည်းနည်းမှ နားမလည်းချင် နေပါစေ။ ကျိုးကြောင်းယုတ္တိ လျော်ကန်အောင် တွေးခေါ်စဉ်းစားတတ်တယ်ဆိုရင် အယူသီး၊ အယူမှား . . . မဖြစ်နိုင်ပါဘူး။ အခု . . . ဘာတွေထိ ဘာတွေခိုက်နေလို့လဲ။”

“တပည့်တော်တော့ . . . ဘာမှ မဖြစ်ပါဘုရား။ လျှောက်ထားရမှာတော့ . . . အားနာပါတယ်။ အရှင်ဘုရားတို့နဲ့ ပတ်သက်နေလို့ပါ။”

“သြ . . . ဘာတွေလဲ။”

“အရှင်ဘုရားတို့ရဲ့ ရာဟုလာကျောင်းကို ကိုးကွယ်ရင် ထိမယ်လို့ ပြောသံ ကြားရလို့ပါ။”

“ဖြစ်ရလေ . . .။ ဘယ်လို ဘာကြောင့် . . .။ လုပ်စမ်းပါအုံး။”

“ဒီလို ဘုရား . . .။ နာမည်ကိုက ခိုက်တတ်တာတဲ့။ ရာဟုဆိုတာ မကောင်းဘူးတဲ့။ ဒီရွာမှာ ရာဟု ရောက်လာတဲ့သဘော . . . ရာဟုဆိုတာ အမှောင်တဲ့ ဘုရား . . .။”

“ဘုရား . . . ဘုရား . . .။ မိုးကြိုးပစ်ရင်လည်း ရွာမှာ ကျုပ်မရှိတဲ့အချိန် ပစ်ပါစေ . . .။ ကျုပ်တို့ကျောင်းက မှောင်အောင် မလုပ်ပါဘူး။ လောဘအမှောင်၊ ဒေါသအမှောင်၊ မောဟအမှောင် . . . အမှောင်မျိုးစုံ မမှောင်အောင်ပဲ လုပ်တာလေ။ ကျုပ်တို့က အမှောင်တရားတွေ ဟောနေတာမှ မဟုတ်တာ။ အမှောင်စာတွေ သင်ပေးနေတာမှ မဟုတ်တာ။ ကျုပ်တို့ကျောင်းက . . . သားတော် ရာဟုလာရဲ့ နာမည်ကို ယူထားတာလေ။ ကျုပ်တို့ ယူထားတဲ့ နာမည် . . . သားတော် ရာဟုလာရယ်လို့ နာမည် ရလာပုံက . . .။

ဘုရားလောင်း တောမထွက်ခင် သားတော်လေး မွေးဖွားတယ် ကြားရတော့ . . . ဘုရားလောင်းက ရာဟု ဇာတော၊ ဗန္ဓနံ ဇာတံ (ရာဟု ဖြစ်ပေါ်လာပြီ၊ အနှောင်အဖွဲ့ ဖြစ်ပေါ်လာပြီ။)လို့ ပြောလိုက်မိတယ်တဲ့။ အဲ့ဒီစကားကြောင့် သားတော်လေးကို ရာဟုလာလို့ နာမည်ပေးလိုက်ကြတာတဲ့။ ရာဟုဆိုတဲ့ အသူရိန် နတ်မင်းက လစန္ဒာကို ဖမ်းချုပ်တယ်လို့ အဲ့ဒီခေတ်က ယုံကြည်ကြတာကိုး။ ဘုရားလောင်းလည်း မင်းသားဘ၀မှာပဲ ရှိသေးတာဆိုတော့ အစဉ်အလာအတိုင်း ယုံကြည်မှာပေါ့။ ဘုရားလောင်းက သူ့သားတော်ကို ရာဟု အသူရိန်လိုပဲ အနှောင်အဖွဲ့ပဲလို့ ရှုမြင်လိုက်တယ် တဲ့။ ဟုတ်တယ်လေ။ သဘောတရားအရ မှန်နေတာပဲ။ တောထွက်ချင်နေတဲ့ ဘုရားလောင်းအတွက် သားတစ်ယောက် မွေးဖွားလာတာက အနှောင်အဖွဲ့ပဲ မဟုတ်ဘူးလား။ ဒါပေမယ့် သားတော်လေးက ဘုရားလောင်းအတွက် အမှောင် မဟုတ်ပါဘူး။ ဘုရားလောင်း မင်းသား အနေနဲ့ . . . အနှောင်အဖွဲ့ကို မြန်မြန် ဖြတ်မှ ဖြစ်မယ်၊ မြန်မြန်တောထွက်မှ ဖြစ်မယ်လို့ . . . ဥာဏ်အလင်းတောင် ရခဲ့သေးတာပဲ . . .။ မမှောင်ပါဘူး။ လင်းတာပါ။ သားတော် ရာဟုလာ မွေးဖွားတဲ့အတွက် သုဒ္ဓေါဒန မိသားစုမှာ ဘာတွေ ထိတယ်လို့ ပြောချင်သေးလ။ ပြောချင်တာ ပြောပေါ့။ မတားပါဘူး။

နောက်ပြီးတော့ . . . နာမည်က နာမည်ပဲလေ။ ဌေးကြွယ်လို့ နာမည်ပေးထားလည်း မွဲချင် မွဲမှာပေါ့။ သက်ရှည်လို့ နာမည်ပေးထားလည်း အသက်တိုချင် တိုမှာပေါ့။ ခုလည်း . . . ရာဟုဆိုတာ မှောင်တယ်ပဲ ထားပါအုံးတော့ . . . ကျုပ်တို့ကျောင်းကြောင့် မလင်းနိုင်ဘူးလား။ နာမည်က နာမည်ပဲလေ။”

“မှန်ပါ . . .။ တပည့်တော်က အရှင်ဘုရားတို့ကို စွပ်စွဲတာ မဟုတ်ပါ ဘုရား . . .။ အယူသီးလို့ . . . သူများစကား နားယောင်လို့လည်း မဟုတ်ပါ ဘုရား . . .။ ကျောင်းရဲ့ နာမည်ကို အပြစ်ပြောတယ် . . . အများတကာ အယူမှားအောင် ၀ါဒဖြန့်တယ် ထင်မိလို့ . . . ပြောရေးရှိရင် ပြောလို့ရအောင် . . . မေးလျှောက်ထားရတာပါ ဘုရား . . .။”

“ပြောချင်ရာပြော . . . ဘာမှ ခုခံ ပြောမနေပါနဲ့။ ဇာတ်ရှုပ်ပါတယ်။ ကိုယ်ယုံကြည်ရာကို ကိုယ့်ဟာကိုယ် နားလည်ထားရင် ပြီးတာပါပဲ။ ကျောင်းနာမည်နဲ့ ပတ်သက်လို့ နာမည်ကိုပဲ အဓိပ္ပာယ် ကောက်ချင်တယ် ဆိုရင်တော့ . . . အဓိပ္ပာယ် မှန်ဖို့ လိုတယ်။ ပါဠိလို ရာဟုလ။ မြန်မာလို ရာဟုလာ။ လာဆိုတာက မြန်မာစကား မဟုတ်တဲ့အတွက် ရောက်လာတယ်ဆိုတဲ့ အဓိပ္ပာယ် မဟုတ်ဘူး။ လာကို ဖြတ်တောက်ခြင်းလို့ အဓိပ္ပာယ်ယူ။ ရာဟုကို ဖြတ်တောက်ခြင်း . . .။”

“မှန်ပါ။”

“ဒီကိစ္စတင် မဟုတ်ဘူး။ ဘယ်နေရာမှာပဲဖြစ်ဖြစ် . . . မလိုလားအပ်တာ တစ်ခုခု ကြုံရရင် . . . ထိတယ် ခိုက်တယ်လို့ ပြောကြတာကတော့ အသိဥာဏ် မရင့်ကျက် မဖွဲ့ဖြိုးတဲ့အတွက် အကောက်အယူမှားပြီး အယူသီးနေကြတာပါ။ မလိုလားအပ်တာတွေ၊ အဖြစ်ဆိုးတွေနဲ့ ကြုံကြရတတ်တာကတော့ လောက သဘာဝပါ။ လူမှန်ရင် အို နာ သေ ကြုံကြရမှာပဲ။ ဆင်းရဲဒုက္ခတွေ၊ အခက်အခဲတွေ ရင်ဆိုင်ကြရမှာပဲ။ အကြောင်းနဲ့ အကျိုးကို မှန်မှန်ကန်ကန် မသုံးသပ်နိုင်ဘဲ အယူသီးနေရင် ဆင်းရဲခြင်းတွေ တိုးပွားဖို့ပဲ ရှိပါတယ်။ အခက်အခဲတွေ ပိုပြီး ခက်ခဲဖို့ပဲ ရှိပါတယ်။ ဒါပဲ . . . ဒါပဲ။ အတန်းရှိသေးတယ်။ ဒါပဲ . . .။”

:)
ရှင်အာစာရ

Wednesday, January 27, 2016

၂၀/၉၀

“အရှင်ဘုရား . . . ဘုန်းကြီးတွေအတွက် ၂၀/၉၀ဆိုတဲ့ အမှုက တော်တော် အပြစ်ကြီးသလား . . .။ ဘယ်လို အမှုလဲ ဘုရား . . .။”

“အင်း . . . အဲ့ဒီအမှုက ဘုန်းကြီးတွေနဲ့တင် ဆိုင်တာ မဟုတ်ဘူး။ ဒကာကြီးတို့ကိုလည်း အရေးယူလို့ ရတာပဲ။ ဒါနဲ့ . . . ဒကာကြီးက . . . ဘယ်က ၂၀/၉၀လဲ . . .။ ဘာတွေ ဖြစ်လို့လဲ။”

“ဘုန်းကြီးတစ်ပါးကို ၂၀/၉၀ အမှုနဲ့ အရေးယူဖို့ တိုင်တယ်တောတယ် ဘာဘာညာညာ ကြားဖူးလို့ပါ ဘုရား . . .။”

“အော် အော် . . .။ ဒကာကြီးက ဗုဒ္ဓဘာသာဝင် ဆိုတော့လည်း ကိုယ့်ဗုဒ္ဓဘာသာအကြောင်း၊ ကိုယ့်ဘုန်းကြီးတွေအကြောင်း စိတ်ဝင်စားရမှာပေါ့။ ကောင်းပါတယ်။ အဲ့ဒီ ၂၀/၉၀ ဆိုတာက ဥပဒေပါ ဒကာကြီးရယ်။ သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေတဲ့။ ၁၉၉၀ပြည့်နှစ်၊ အောက်တိုဘာလ (၃၁)ရက်တုန်းက ထုတ်ခဲ့တဲ့ ဥပဒေပါ။ န၀တ ခေတ်ကပေါ့။ ဥပဒေအမှတ်စဉ် (၂၀) ဖြစ်မယ် ထင်ပါတယ်။”

“မှန်ပါ။”

“အဲ့ဒီ ဥပဒေအရ . . . မြန်မာနိုင်ငံမှာရှိတဲ့ သံဃာ့ဂိုဏ်း (၉)ဂိုဏ်းအပြင် ဂိုဏ်းသစ်မတည်ထောင်ဖို့ တားမြစ်ထားတယ်။ နောက်ပြီး . . . လက်ရှိ သံဃာ့ဂိုဏ်း (၉)ဂိုဏ်း ပါဝင်တဲ့ သံဃာ့အဖွဲ့အစည်းပဲ ရှိရမယ်။ တစ်ခြား အဖွဲ့သစ် မဖွဲ့ရဘူး။ တားမြစ်ထားတယ်။ အဲ့ဒီနှစ်ခုကို မလိုက်နာရင် ထောင်ဒဏ် အနည်းဆုံး (၆)လကနေ အများဆုံး (၃)နှစ်ထိ ကျနိုင်တယ်။ သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်ကို ပြိုကွဲပျက်စီးအောင် လုပ်ရင်လည်း ထောင်ဒဏ် (၆)လကနေ (၃)နှစ်ပဲ။ အမှုရင်ဆိုင်ရမယ် ဆိုရင် ပြည်ထဲရေးနဲ့ သာသနာရေး ၀န်ကြီးဌာနက တရားစွဲရမယ် တဲ့။ သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်က အရေးယူ ဆုံးမတာကို မလိုက်နာရင် ထောင်ဒဏ် (၆)လ။ ဒီကိစ္စမှာတော့ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က တရားစွဲရမယ်။ သူ့ကိုယ်စား တစ်ယောက်ယောက်က တရားစွဲလို့လည်း ရတယ် တဲ့။ လိုရင်းကတော့ ဒီလောက်ပါပဲ။”

“မှန်ပါ . . . တော်ရုံတန်ရုံနဲ့တော့ . . . ဒီပြစ်မှုတွေ ငြိဖို့ မလွယ်ဘူး ထင်ပါတယ် ဘုရား။”

“ငြိတယ် မငြိဘူး ဆိုတာကတော့ . . . ဆုံးဖြတ်တဲ့သူ အပေါ်မှာ မူတည်တာပေါ့ ဒကာကြီးရယ်။ ဆိုပါစို့ . . . ဥပဒေမှာ ပါတာက သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်က အရေးယူ ဆုံးမတာကို မလိုက်နာရင် ထောင်ဒဏ် (၆)လ တဲ့။ ဒါမျိုးကျတော့ . . . သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်က ဘယ်လိုအရေးယူတယ်၊ ဘယ်လိုဆုံးမတယ် ဆိုတာလည်း . . . ရှိအုံးမှာပေါ့။ ကြိုက်ကြိုက် မကြိုက်ကြိုက်၊ ကောင်းကောင်း မကောင်းကောင်း ဆုံးမတာကို လိုက်နာရမယ် ဆိုတဲ့သဘောမျိုး . . . ယူလို့ ရနေတာ မဟုတ်လား။ နာယက ဆရာတော်ကြီးတွေ ဆုံးမတဲ့ နေရာမှာလည်း အမှားအယွင်း ရှိနိုင်တာပေါ့။ ဆရာတော်ကြီးတွေလည်း ပုထုဇဉ်တွေကိုး။ အထူးသဖြင့် န၀တခေတ်က . . . အုပ်ချုပ်ရေးပိုင်းကနေ ရှင်ရဟန်းတွေကို ထိန်းချုပ်ဖို့ ဆရာတော်ကြီးတွေကို ကြားခံထားလိုက်တဲ့ သဘောပါပဲ။ ဘာပဲဖြစ်ဖြစ် . . . ဆရာတော်ကြီးတွေရဲ့ ဆုံးမစားကို မလိုက်တာမျိုးတော့ မရှိသလောက် ရှားပါတယ်။”

“မှန်ပါ . . .။ ဘုရားသားတော်တွေပဲ ဘုရား . . . ထေရ်စဉ်ဝါလိုက် မျှမျှတတ ဆုံးမပြီး ဆုံးမစကားလည်း လိုက်နာကြရမှာပေါ့။”

“ဒါပေါ့။ နှစ်ဘက် မျှတရမှာပေါ့။ နောက်ပြီး . . . ဂိုဏ်းသစ် တည်ထောင်ဖို့၊ အဖွဲ့အစည်းသစ် တည်ထောင်ဖို့ ဆိုတာလည်း မလွယ်ပါဘူး။ အဲ့ဒီခေတ်ကတော့ အစိုးရကို ဆန့်ကျင်တဲ့ အဖွဲ့တွေ မပေါ်ဖို့ တားမြစ်တာပဲ ဖြစ်မှာပါ။ ရဟန်းပျိုအဖွဲ့၊ သံဃာ့သာမဂ္ဂီအဖွဲ့ ဆိုတာမျိုးပေါ့။ သံဃာ့အဖွဲ့အစည်း ပြိုကွဲပျက်စီးအောင် လုပ်ဖို့ဆိုတာကတော့ ပိုပြီးတော့တောင် ခက်ပါသေးတယ်။ သံဃာညီညွတ်ရေးအတွက် မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ချမှတ်ထားတဲ့ ပညတ်ချက်တွေ ရှိပြီးသားပဲ။ သံဃာတွေ ညီညွတ်ပြီးသားပါ။ ကြီးလေးတဲ့ သံဃာဘေဒကဖြစ်အောင်၊ သံဃာကွဲပြားအောင် မလုပ်ကြပါဘူး။ လူမှုဆက်ဆံရေး သဘောအရ . . . ရှင်ရဟန်း အချင်းအချင်း မသင့်မမြတ်ဖြစ်အောင် . . . ဟိုရဟန်းနဲ့ မပေါင်းနဲ့၊ ဒီရဟန်းနဲ့ မဆက်ဆံနဲ့ . . . ဆိုတာမျိုး သွေးခွဲတာတောင် . . . ရှာမှရှားပါ။ မလုပ်ကြပါဘူး။”

“သဘောပေါက်ပါပြီ . . .။ အခုလို ရှင်းပြတဲ့အတွက် ကျေးဇူးတင်ပါတယ် ဘုရား . . .။”

:)
ရှင်အာစာရ
(ခေတ္တ စိုင်ပြင်ရွာ)

အဆိပ်ပင် ရေလောင်း

“အရှင်ဘုရား . . . အဆိပ်ပင် ရေလောင်းလို့ . . . ပြောပြောနေကြတာ . . . အဆိပ်ပင်ဆိုတာ တကယ် ရှိသလား။”

“ရှိချင်လည်း ရှိမှာပေါ့။ အဆိပ်ပင် ရေလောင်း ဆိုတဲ့စကားကတော့ . . . လူမိုက်အာပေး လုပ်တာမျိုးကို ဆိုလိုတာပါ။ လောကအတွက် ဆူးငြောင့်ခလုပ်လို လူမျိုးကို ကူညီတယ်၊ အားပေးတယ်ဆိုရင် အဆိပ်ပင် ရေလောင်းတယ်လို့ ပြောကြတာပါ။”
“စကားအဓိပ္ပာယ်ကိုတော့ ရိပ်မိပါတယ်။ အဆိပ်ပင်ရယ်လို့ တကယ် ရှိသလား . . . စဉ်းစားမိလို့ပါ ဘုရား။”

“အင်း . . . အဆိပ်ဆိုတာ . . . အနာတရ ဖြစ်စေတဲ့အရာ၊ အဆိုးဆုံး အနေနဲ့ သေလုမျောပါး ဖြစ်စေတဲ့အရာ၊ သေစေနိုင်တဲ့အရာ . . .။ အဲ့ဒီလိုပဲ အဓိပ္ပာယ် ဖွင့်ကြပါစို့။ အဲ့ဒီတော့ . . . ယေဘုယျ ပြောရရင် အရာရာတိုင်းဟာ အဆိပ်ဖြစ်နိုင်တာပဲ။ အပင်တော်တော်များများကိုလည်း အဆိပ်ပင်လို့ ပြောလို့ရမှာပါပဲ။ ဆိုပါစို့ ပူးတွဲမစားကောင်းတဲ့ အစာနှစ်မျိုး သုံးမျိုးကို ပူးတွဲစားမိတယ်ဆိုရင် အစာအဆိပ် သင့်နိုင်တာပဲ။ အပင်တို့၊ အသီးတို့လည်း . . . ခန္ဓာကိုယ် သွေးသားတည်ဆောက်ပုံအရ . . . အဲ့ဒီအပင် အဲ့ဒီအသီးနဲ့ ဓာတ်မတည့်တဲ့ သူတွေအတွက် အဆိပ်ပင် အဆိပ်သီး ဖြစ်နိုင်တာပေါ့။ ရောဂါဓာတ်ခံ တစ်မျိုးမျိုး ရှိတဲ့သူအတွက်လည်း သူ့ရောဂါနဲ့ မတည့်တဲ့ အပင်၊ မတည့်တဲ့ အသီး ရှိနိုင်တာပေါ့။”

“တပည့်တော် . . . ခုမှ စဉ်းစားမိတယ် . . . ကုသိုလ်ကိစ္စ ကုသိုလ်ရေးမှာ ကူညီတာ၊ အားပေးတာဟာ . . . အကုသိုလ်ဓာတ်ခံ ရှိတဲ့သူအတွက် ဓာတ်မတည့်စရာ . . . အဆိပ်ပင်ရေလောင်း . . . ဖြစ်နိုင်တာပေါ့ ဘုရား။”

“ဒါပေါ့။ နောက်ပြီး . . . အဆိပ်ပင် ရေလောင်းဆိုတဲ့ စကားဥပမာနဲ့ ပတ်သက်လို့ . . . တစ်ခု စဉ်းစားမိတယ်။”

“အမိန့်ရှိပါဦး။ ဘယ်လိုလဲ ဘုရား။”

“ဒီလိုပါ။ ပကတိ မျက်လုံးနဲ့ မြင်ရတဲ့ အဆိပ်ပင်တွေ ရှိသလို မမြင်ရတဲ့ အဆိပ်ပင်တွေလည်း ရှိသေးတယ်။ လောဘအဆိပ်ပင်၊ ဒေါသအဆိပ်ပင်၊ မာနအဆိပ်ပင်၊ ဣဿာအဆိပ်ပင်၊ မစ္ဆရိယအဆိပ်ပင်။ တိုတိုပြောရရင် အကုသိုလ်အဆိပ်ပင်တွေ . . .။ အဲ့ဒီ အဆိပ်ပင်တွေဟာ လူတွေကို တော်တော်ကြီး ဒုက္ခပေးတယ်။ ပတ်ဝန်းကျင်ကို နှိပ်စက်တယ်။ တစ်ဘ၀တင် မကဘဲ ဘ၀အဆက်ဆက် သံသရာအဆက်ဆက် အနာတရ ဖြစ်စေတတ်တယ်။ အဖန်ဖန် သေစေတတ်တယ်။ ဒီလို အဆိပ်ပင်တွေက ပိုပြီးတော့ အန္တရာယ် ကြီးမားတယ်လို့တောင် ဆိုရမှာပဲ။”

“ဟုတ်တာပေါ့ ဘုရား။ ဘုရား . . . ဘုရား . . . . .။”

“ဘုရားပဲ တမနေနဲ့။ အကုသိုလ် အဆိပ်ပင်ကို ရေမလောင်မိဖို့ အရေးကြီးတယ်။ ပုထုဇဉ်တွေအတွက် အကုသိုလ်တွေ ပြည့်နေတာ။ အကုသိုလ် အဆိပ်ပင်က အလိုလို နေရင်းနဲ့တောင်မှ အရမ်းပွားလွယ်တာ။ ရွက်ကျပင်ထက်တောင် ပွားလွယ်သေးတယ်။ နှလုံးသွင်း မကောင်း၊ စိတ်ထား မမြတ်၊ အတွေး မတတ်၊ အမြင်မတတ်ဆိုရင် . . . အကုသိုလ်ပင်တွေ ပွားလိုက်မယ့် ဖြစ်ခြင်း . . .။ စိတ်ဓာတ်အခံ ညံ့ဖျင်းတယ်ဆိုရင် . . . အရာရာတိုင်းဟာ . . . အကုသိုလ်တွေချည်းပဲ။ အကုသိုလ်ပင်တွေချည်းပဲ။ ဓာတ်ခံကို ပြင်။ ဓာတ်ခံကို မြှင့်။ ဒါမှ တော်ရုံကျမယ်။ ပုထုဇဉ် သဘာဝ . . . အလေ့ကျပေါက်နေတဲ့ အကုသိုလ် အဆိပ်ပင်တွေကို ရေမလောင်းမိစေနဲ့။”

“မှန်လှပါ ဘုရား . . .။”

:)
ရှင်အာစာရ
(ခေတ္တ စိုင်ပြင်ရွာ)

Wednesday, January 20, 2016

ရင့်ကျက်မှုစံ

ဒီနေရာမှာ ရင့်ကျက်မှုဆိုတာ စိတ်ဓာတ်ရေးရာ ရင့်ကျက်မှုကို ပြောတာပါ။ စိတ်ဓာတ်ရေးရာ ရင့်ကျက်မှုဟာ အရေးကြီးတဲ့ ဘ၀လိုအပ်ချက် ဖြစ်ပါတယ်။ စိတ်ဓာတ် ရင့်ကျက်မှသာလျှင် စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်ပြီး အပြုအမူ သေသေသပ်သပ်နဲ့ အသရေ ပြည့်တဲ့ ဘ၀အခြေအနေကို ပုံဖော်နိုင်မှာ ဖြစ်ပါတယ်။ တစ်ဦးတစ်ယောက်ရဲ့ စိတ်ဓာတ်ရေးရာ ရင့်ကျက်မှု ရှိမရှိ ဘယ်လိုစံနဲ့ တိုင်းတာမလဲ။

စိတ်ဓာတ် ရင့်ကျက်သူတွေဟာ ဒီလို ပြုမူလေ့ ရှိကြပါတယ်။
၁။ ကြုံရတဲ့ အခြေအနေ၊ ပတ်သက်ဆက်ဆံရတဲ့ အခင်းအကျင်း တစ်ခုမှာ စိတ်ပျက်လက်ပျက်နဲ့ အချိန်ဖြုန်း မနေဘဲ ကျရာတာဝန်ကို ယူပြီး မီးဆင်ကြည့် ကတတ်ကြပါတယ်။

၂။ မနှစ်သက်စရာ တွေ့ကြုံရရင် ညည်းညူနေလေ့ မရှိဘဲ ကိုယ် ဘာလုပ်နိုင်သလဲ ဆိုတာကိုသာ အာရုံစိုက်တတ်ကြပြီး အခြေအနေကို မထိန်းချုပ်နိုင်ရင် ကိုယ့်သဘောထားကိုပဲ ထိန်းချုပ်လိုက်ကြပါတယ်။

၃။ သူတစ်ပါးရဲ့ လွှမ်းမိုးမှု၊ ထိန်းချုပ်မှုကို မခံယူကြပါဘူး။ ဆိုလိုတာက . . . သူတစ်ပါးကို အပြစ်ပုံချတာ၊ သူတစ်ပါးကို လက်ညှိုးတာမျိုး မလုပ်ကြပါဘူး။

၎။ ကျန်းမာရေးပဲဖြစ်ဖြစ်၊ စီးပွားရေးပဲဖြစ်ဖြစ် . . . ချက်ချင်းလက်ငင်း အကျိုးရဖို့ မမျှော်လင့်ကြပါဘူး။ အဖိုးတန်တဲ့ ပြောင်းလဲမှုဟာ အချိန်ယူတတ်တယ်လို့ နားလည်ထားကြပါတယ်။

၅။ အပြောင်းအလဲကို မငြင်းဆန်ကြပါဘူး။ အပြုသဘောဆောင်တဲ့ အပြောင်းအလဲကို ကြိုဆိုကြပါတယ်။ ဘယ်သူမှ အပြောင်းအလဲကို မရှောင်လွှဲနိုင်ဘူးလို့ နားလည်ထားကြပြီး အပြောင်းအလဲနဲ့ လိုက်လျောညီထွေ ရှိချင်ကြပါတယ်။ လိုက်လျောညီထွေ ရှိနိုင်တဲ့ ကိုယ့်အရည်အချင်းကိုလည်း ယုံကြည်ကြပါတယ်။

၆။ အချိန်တိုင်း နေရာတိုင်းမှာ လူတိုင်းကြိုက်အောင် လုပ်ပေးလို့ မရဘူး ဆိုတာကို နားလည်ထားကြပါတယ်။ လိုအပ်ရင် ငြင်းဆန်ရဲကြပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရဲကြပါတယ်။ ကြင်ကြင်နာနာနဲ့ မျှမျှတတဖြစ်အောင် ကြိုးစားတတ်ကြပြီး သူတစ်ပါး စိတ်မချမ်းမြေ့စရာ လုပ်လိုက်ရတယ်ဆိုရင် ခံရသူ ကျေနပ်အောင် ကြိုးစားတတ်ကြပါတယ်။

၇။ အထိန်းအကွပ်မဲ့ မိုက်မိုက်မဲမဲ စွန့်စားတာမျိုး မလုပ်ကြပါဘူး။ ချင့်ချိန်ပြီး စွန့်စားရမှာကိုတော့ မကြောက်ရွံ့ကြပါဘူး။ ကြီးမားတဲ့ ဆုံးဖြတ်ချက်ကို မချမှတ်ခင်မှာ စွန့်စားရတာနဲ့ ရလာမယ့် အကျိုးတွေကို အချိန်ယူပြီး တွက်ချက်တတ်ကြပါတယ်။ လက်တွေ့ မလုပ်ခင်မှာ ကျဆုံးနိုင်ချေကို ကြိုတင်တွက်ဆ ထားတတ်ကြပါတယ်။

၈။ ကျဆုံးခဲ့ရင် လက်မြောက်ပြီး အရှုံးမပေးကြပါဘူး။ မဖြစ်မနေ၊ မရမနေ ကြိုးစားချင်စိတ် ရှိကြပါတယ်။

၉။ ပြီးခဲ့တာတွေကို တွေးတောရင်း အချိန်မဖြုန်းကြပေမယ့် အတိတ်ကိုတော့ အသိအမှတ် ပြုကြပါတယ်။ အတိတ်ကနေ သင်ယူကြပါတယ်။ အဖြစ်ဆိုးတွေကို အမြဲ ပြန်တွေးမနေကြပါဘူး။ ရွှေရောင်နေ့စွဲတွေကို အမြဲ ပြန်တမ်းတနေတာမျိုးလည်း မရှိကြပါဘူး။ ပစ္စုပ္ပန်ကို လက်တွေ့ကျကျ ရင်ဆိုင်ပြီး အနာဂတ်အတွက် ပြင်ဆင်ကြပါတယ်။

၁၀။ ကိုယ်လုပ်တာကို ကိုယ်တာဝန်ယူကြပါတယ်။ အမှားကနေ သင်္ခန်းစာ ယူကြပါတယ်။ အဲ့ဒီတော့ အမှားတစ်ခုကို ထပ်တလဲလဲ မမှားကြတော့ပါဘူး။ အနာဂတ်အတွက် ပိုကောင်းတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ကြပါတယ်။

၁၁။ ရလိုမှုနဲ့ မမျှော်လင့်ကြပါဘူး။ ဦးစားပေး ခံချင်တာမျိုး မရှိကြပါဘူး။ အခွင့်အလမ်းကို ကြိုးစားမှုနဲ့ ရင်းပြီးမှ ယူတတ်ကြပါတယ်။

၁၂။ အထီးကျန်မှုကို ခံနိုင်ရည် ရှိကြပါတယ်။ တစ်ကိုယ်တည်း တွေးတောကြံဆနေဖို့ ၀န်မလေးကြပါဘူး။ တစ်ကိုယ်ရေ တစ်ကာယ ဘ၀ကို နှစ်သက်တတ်ပြီး သူတစ်ပါးအပေါ် မမှီခိုတတ်ကြပါဘူး။ ဖျော်ဖြေရေးတွေ သိပ်မလိုအပ်ကြပါဘူး။

၁၃။ နေရာတကာမှာ ငါသိ ငါတတ် ငါကသာ ငါမှမြတ်၊ ငါလုပ်မှ ဖြစ်မယ်၊ ငါပါမှ ရမယ်၊ ငါ့ကိုပဲ ဆရာတင်ရမယ် . . . ဆိုတာမျိုး ကိုယ့်ဆန္ဒကိုသာ ရှေ့တန်းတင်ပြီး လူတွင်ကျယ် မလုပ်ကြဘဲ သူတစ်ပါးရဲ့ အသေးငယ်ဆုံး အစွမ်းအစကိုတောင်မှ တလေးတစား အသိအမှတ်ပြုပြီး နေရာပေးလေ့ ရှိကြပါတယ်။

၁၄။ ကိုယ့်ကိုယ်ကိုယ် ရှိတာထက် ပိုပြီး မမြင်တတ်ကြပါဘူး။ မပြတတ်ကြပါဘူး။ ဘ၀င် မမြင့်တတ်ကြပါဘူး၊ မကြွားဝါတတ်ကြပါဘူး။

၁၅။ သူတစ်ပါးရဲ့ အောင်မြင်မှုကို လေးစားတန်ဖိုးထားကြပါတယ်။ မနာလိုတိုရှည် မရှိတတ်ကြပါဘူး။ ကိုယ့်ထက်သာသူ အပေါ်မှာ ကလိမ်ကကျစ် မလုပ်တတ်ကြပါဘူး။ ကြိုးစားရင် အောင်မြင်တယ်လို့ လက်ခံထားပြီး အများနည်းတူ အောင်မြင်မှု ရရှိဖို့ ကြိုးစားတတ်ကြပါတယ်။

ဒါတွေဟာ ရင့်ကျက်မှုကို တိုင်းတာဖို့ ပြီးပြည့်စုံတဲ့ စံတွေဖြစ်တယ်လို့ မဆိုနိုင်ပေမယ့် ငြင်းလို့တော့ မရတဲ့ စံတွေ ဖြစ်ပါတယ်။ ဒီစံတွေအရ . . . စိတ်ဓာတ်တွေ ဘယ်လောက် ရင့်ကျက်ခဲ့ကြပြီလဲ။ ရင့်ကျက်ဖို့ ဘယ်လောက် လိုပါသေးသလဲ။

:)
ရှင်အာစာရ
(ခေတ္တ စိုင်ပြင်ရွာ)

-----
ရည်ညွှန်း -
http://www.lifehack.org/articles/communication/13-things-mentally-strong-people-dont.html