Friday, August 10, 2012

ကလေး နှင့် ရောင့်ရဲခြင်း

"Contentment is an essential Buddhist principle. How can we teach it to children?"

တင်းတိမ်ရောင့်ရဲခြင်းဟာ အဓိကကျတဲ့ ဗုဒ္ဓဘာသာတရားတော် ဖြစ်ပါတယ်။ ကလေးတွေ ရောင့်ရဲတတ်အောင် ဘယ်လို သင်ပေးရမလဲ။

ဟုတ်ပါတယ်။ အရေးကြီးတဲ့ တရား ဖြစ်ပါတယ်။ တင်းတိမ်ရောင့်ရဲလွယ်ခြင်းကို မင်္ဂလာတစ်ပါးလို့ မင်္ဂလသုတ်မှာ မြတ်စွာဘုရား ဟောကြားတော် မူခဲ့ပါတယ်။ ဒါကို ကလေးငယ် ဘ၀ကတည်းက လေ့ကျင့်သင့်ကြား ပေးသင့်ပါတယ်။

ကိုယ်ထိုက်တန်တာနဲ့ ရောင့်ရဲနိုင်မှ ပျော်ရွှင်နိုင်မှာ ဖြစ်ပါတယ်။ မရောင့်ရဲနိုင်ရင် ရချင်တာတွေ မဆုံးနိုင်တော့အတွက် စိတ်ညစ်ရမှာပေါ့။ ဒီနေရာမှာ ရောင့်ရဲခြင်း နဲ့ လက်မြှောက်အရှုံးပေးခြင်း မတူတာကို သတိထားစေချင်ပါတယ်။ ကိုယ်ရသင့်တဲ့ အခွင့်အရေး နဲ့ ကိုယ်ပေါက်မြောက်နိုင်တဲ့ အောင်မြင်မှုတွေကို ရအောင်ယူရမှာ ဖြစ်ပါတယ်။ ကိုယ့်အခွင့်အရေးထက် ပိုပြီး မလိုချင်ဖို့၊ ကိုယ့်အစွမ်းအစထက် ပိုပြီး မမျှော်လင့်ဖို့၊ ကိုယ်ထိုက်တန်တာနဲ့ ကိုယ်စွမ်းနိုင်တာနဲ့ ကျေနပ်ရောင့်ရဲဖို့ ဆိုလိုတာ ဖြစ်ပါတယ်။

ကလေးပဲဖြစ်ဖြစ် လူကြီးပဲဖြစ်ဖြစ် ရွေးစရာတွေ များနေရင်ေ၀၀ါးသွားတတ်ပါတယ်။ လောဘကို အတောမသတ်နိုင်ဘဲ ဖြစ်နေတတ်ပါတယ်။ ရွေးခြယ်စရာ အခွင့်အလမ်းတွေ မြောက်များစွာထဲက အကောင်းဆုံးကို၊ ကိုယ်နဲ့ အထိုက်တန်ဆုံးကို၊ ကိုယ်ရယူဖို့ အဖြစ်နိုင်ဆုံးကို ပြတ်ပြတ်သားသား ရွေးခြယ်တတ်ပြီး ကျန်တာတွေကို မျက်ကွယ်ပြုနိုင်မယ်ဆိုရင် ရောင့်ရဲခြင်းကို ကျင့်သုံးရာ ရောက်ပါတယ်။ ဒီလို စွမ်းရည်ကို ကလေးဘ၀ကတည်းက လေ့ကျင့်သင်ကြားပေးသင့်ပါတယ်။ မိဘ အလိုလိုက်တာ ခံရတဲ့ ကလေးဘ၀မှာ ရွေးစရာတွေ များလွန်းနေတာဟာ သိပ်မကောင်းဘူးလို့ ထင်ပါတယ်။ ကလေးပူဆာတဲ့ ပစ္စည်းတိုင်းကို ၀ယ်ပေးတာမျိုး၊ နေရာတိုင်းမှာ ကလေးအကြိုက် လိုက်ပေးနေတာမျိုးဟာ ကလေးတွေ ရောင့်ရဲခြင်းနဲ့ ဝေးရာကို ပို့ပေးနေတာ ဖြစ်ပါတယ်။

ရောင့်ရဲခြင်းကို သင်ပေးတဲ့ အနေနဲ့ ကလေးတွေကို အလွန်အကျွံ ရွေးခြယ်ခွင့်တွေ၊ အလွန်အကျွံ ပူဆာခွင့်တွေ မပေးသင့်ပါဘူး။ တရားမျှတပြီး အကြင်နာလွှမ်းခြုံတဲ့ အကန့်အသတ်လေးတွေ ထားရှိသင့်ပါတယ်။

:)
ရှင်အာစာရ

-----
ရည်ညွှန်း

pp 26-27, “Dealing with Life's Issues, a Buddhist Perspectives” by Ven Thubten Chodron; 1st Edition, January 2008; 4th reprint of 5, 000 copies, May 2010; Printed by Fabulous Printers Pte Ltd (Singapore)

No comments:

Post a Comment