Wednesday, August 29, 2012

ဆယ်ကျော်သက် သားသမီးများနှင့် ဆက်ဆံရေး








"How can we have good relationships with our children, especially when they are teenagers?"

သားသမီးတွေနဲ့၊ အထူးသဖြင့် သူတို့တတွေ ဆယ်ကျော်သက်အရွယ်မှာ သူတို့နဲ့ ဆက်ဆံရေး ပြေပြစ်အောင် ဘယ်လိုလုပ်ရမလဲ။

ဆယ်ကျော်သက် သားသမီးတွေနဲ့ ပွင့်လင်းတဲ့ ဆက်ဆံရေး ရှိနေဖို့ အရေးကြီးပါတယ်။ မှန်ကန်မျှတတဲ့ ဆက်ဆံရေးရှိမှ ပွင့်လင်းတဲ့ ဆက်ဆံရေး ရှိနိုင်ပါတယ်။ မိဘတွေ ဘာဖြစ်နေနေ သားသမီးဆိုတာ မိဘကို လေးစားရမယ်၊ ကြောက်ရွံ့ရမယ်ဆိုတဲ့ အယူအဆဟာ မမှန်ကန် မမျှတပါဘူး။ မိသားစုရဲ့ စားရေးနေရေး ကုန်ကျစရိတ်၊ သားသမီးတွေရဲ့ အသုံးစရိတ် နဲ့ ပညာရေးစရိတ်အတွက် ငွေရှာပေးနိုင်ရင် တာဝန်ကျေပြီ၊ သားသမီးတွေ လေးစားခန့်ငြားလောက်ပြီဆိုတဲ့ မိဘတွေရဲ့ အယူအဆဟာ မမှန်ကန် မမျှတပါဘူး။ မိဘတွေ အနေနဲ့ သားသမီးတွေ လေးစားလောက်တဲ့ ကိုယ်ကျင့်သီလ နဲ့ ကိုယ်ကျင့်သိက္ခာ ပြည့်စုံတယ်ဆိုရင်၊ သားသမီးတွေ အတုယူလောက်တဲ့ အကြင်နာ နဲ့ အမြော်အမြင်လည်း ပြည့်စုံတယ်ဆိုရင် သားသမီးတွေက အလိုအလျောက် လေးစားခန့်ငြားလာဖို့ပဲ ရှိပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ ပွင့်လင်းတဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။ သားသမီးတွေအပေါ် ကြင်ကြင်နာနာ မဆက်ဆံနိုင်ဘဲ မိဘက အတင်းအကြပ် အသာစီးယူထားတဲ့ ဆက်ဆံရေးမျိုး ဖြစ်လာပါလိမ့်မယ်။ မပြေပြစ်နိုင်ပါဘူး။

မိဘနဲ့ သားသမီးအကြား တရားမျှတပြီး လွတ်လပ်ပွင့်လင်းတဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်ဖို့ မိသားစုအတွက် လုံလောက်တဲ့အချိန် ပေးနိုင်ဖို့ လိုပါတယ်။ သားသမီးတွေကို မိဘတွေက အကောင်းမြင်ဖို့၊ အကောင်းမျှော်လင့်ဖို့လည်း လိုပါတယ်။

နောက်တစ်ခုက ဦးစားပေး ရွေးခြယ်မှု မှန်ကန်ဖို့ ဖြစ်ပါတယ်။ အချိန်များများပေးရတဲ့ ၀င်ငွေကောင်းတဲ့အလုပ်ကို ပထမနေရာမှာထားပြီး သားသမီးတွေကို ဒုတိယနေရာမှာ ထားမလား။ ၀င်ငွေကို မကြည့်ဘဲ အလုပ်ချိန်လျှော့ပြီး သားသမီးတွေကို ကိုယ်ထိလက်ရောက် ကြင်ကြင်နာနာ ပြုစုနိုင်ဖို့ အဓိကထားမလား။ မိဘက အလုပ်အတွက် အချိန်တွေ အများကြီး ပေးလိုက်ရလို့ အလုပ်ကပြန် အိမ်ရောက်တာနဲ့ အရုပ်ကြိုးပြတ် ပင်ပမ်းနေပြီဆိုရင် သားသမီးတွေကို ဂရုစိုက်နိုင်တော့မှာ မဟုတ်ပါဘူး။ ငယ်ရွယ်သူတွေ အရေးတကြီး လိုအပ်တဲ့ မိဘရဲ့ ဂရုစိုက်မှု ကြင်နာယုယမှုဟာ မိသားစုအတွင်းမှာ ဆိတ်သုဉ်းနေပါလိမ့်မယ်။ မေတ္တာငတ်တဲ့ ကလေးတွေ ဖြစ်လာပါလိမ့်မယ်။ မိဘတွေလည်း စိတ်ဖိစီးမှုတွေက မလွတ်နိုင်တော့ဘဲ အမြဲတမ်း မအီမသာ မကြည်မသာ ဖြစ်နေပါလိမ့်မယ်။ ဒါဆိုရင် သားသမီးတွေက မိဘကို လေးစားနိုင်တော့မှာ မဟုတ်ပါဘူး။ အကောင်းမြင်နိုင်တော့မှာ မဟုတ်ပါဘူး။ ဒီလို အခြေအနေမှာ မိဘနဲ့သားသမီး ဆက်ဆံရေး မပြေပြစ်နိုင်တော့ပါဘူး။

သားသမီးတွေအတွက် ကွန်ပျူတာကောင်းကောင်း လက်ကိုင်ဖုန်းကောင်းကောင်း အစရှိတဲ့ ပစ္စည်းဝတ္ထုတွေထက် မိဘရဲ့ ချစ်ခြင်းမေတ္တာ အကြင်နာနဲ့ ဂရုတစိုက် ပြုစုယုယမှုက ပိုပြီး အရေးကြီးပါတယ်။ ပစ္စည်းဝတ္ထုတွေ ကြွယ်ဝချမ်းသာတာကို အပြစ်မဆိုနိုင်ပါဘူး။ ဒါပေမယ့် သားသမီးအတွက် မိသားစုအတွက် ပစ္စည်းဝတ္ထုတွေ လိုတရအောင် ဖြည့်ဆည်းပေးနိုင်ဖို့ ငွေကိုအဓိကထားပြီး အလုပ်လုပ်တဲ့ မိဘတွေရော၊ မျက်ကွယ်ပြုခံရတဲ့ သားသမီးတွေပါ ကိုယ်ကျန်းမာရေး စိတ်ကျန်းမာရေး ချို့တဲ့လာနိုင်တယ် ဆိုတာကို သတိထားသင့်ပါတယ်။

မိသားစုအတွက် သားသမီးတွေအတွက် အချိန်ယူနိုင်တယ်ဆိုရင် သားသမီးတွေနဲ့ အတူနေချိန် ပြောဆိုဆက်ဆံတဲ့ နေရာမှာ သားသမီးတွေ စိတ်ဝင်စားတဲ့ အကြောင်းအရာကို ပြောဖို့ လိုပါတယ်။ သားသမီးတွေ ကျောင်းမှာ အမှတ်ကောင်းစေချင်တာ၊ အိမ်မှာ သန့်ရှင်းသပ်ရပ် စည်းကမ်းရှိစေချင်တာ အစရှိတဲ့ မိဘတွေရဲ့ ဆန္ဒဟာ ကောင်းပါတယ်။ ဒါပေမယ့် ဒီအကြောင်းအရာတွေကို ဇွတ် မပြောသင့်ပါဘူး။ အားကစားအကြောင်း နောက်ဆုံးပေါ် ဖက်ရှင်အကြောင်း အစရှိတဲ့ ကလေးတွေ စိတ်ဝင်စားတဲ့ အကြောင်းအရာကို မိဘတွေ စိတ်မ၀င်စားရင်တောင်မှ သည်းခံပြီး ပြောဆိုဆွေးနွေးသင့်ပါတယ်။ ပွင့်လင်းတဲ့ ဆက်ဆံရေးတံခါးကို အမြဲ ဖွင့်ထားသင့်ပါတယ်။

ဒါဆိုရင် ငယ်ရွယ်သူ သားတွေသမီးတွေနဲ့ ဆက်ဆံရေး ပြေပြစ်ပြီး သူတို့ရဲ့ ချစ်ခင်လေးစားမှုကိုလည်း ရရှိနိုင်ပါလိမ့်မယ်။

ရှင်အာစာရ

-----
ရည်ညွှန်း

pp 24-25, “Dealing with Life's Issues, a Buddhist Perspectives” by Ven Thubten Chodron; 1st Edition, January 2008; 4th reprint of 5, 000 copies, May 2010; Printed by Fabulous Printers Pte Ltd (Singapore)

No comments:

Post a Comment