Tuesday, September 4, 2012

အိမ်ထောင်ကွဲ . . .

 "What does Buddhism say about divorce? How can we use Buddhist teachings to handle the emotional upheaval in our children and ourselves that occurs during a divorce?"

အိမ်ထောင်ကွဲတာနဲ့ ပတ်သက်လို့ ဗုဒ္ဓဘာသာက ဘာပြောပါသလဲ။ အိမ်ထောင်အကွဲအပြဲ ကာလအတွင်း မိဘရော ကလေးတွေပါ အပြင်းအထန် စိတ်ထိခိုက်ရတာကို ဗုဒ္ဓဘာသာတရားတော်နဲ့အညီ ဘယ်လို ကိုင်တွယ်ဖြေရှင်းနိုင်ပါသလဲ။


ဗုဒ္ဓဘာသာမှာ အိမ်ထောင်ပြုခြင်း နဲ့ အိမ်ထောင်ကွဲခြင်းဟာ လောကီသဘာဝ လူ့ကိစ္စ ဖြစ်ပါတယ်။ လူတွေ အိမ်ထောင်ပြုချင်တယ်ဆိုရင် အဲဒါဟာ သူတို့ရဲ့ ရွေးခြယ်မှု ဖြစ်ပါတယ်။ အိမ်ထောင်ကွဲချင်တယ် ဆိုရင်လည်း သူတို့ရဲ့ ရွေးခြယ်မှုပါပဲ။

ဗုဒ္ဓဘာသာကတော့ ဘယ်လို မကောင်းမှုကိုပဲဖြစ်ဖြစ် မဖြစ်ခင်က ကြိုတင်ကာကွယ်တာကို အားပေးပါတယ်။ ပြင်ပြင်ဆင်ဆင် အိမ်ထောင်ပြုခြင်းအားဖြင့် မလိုလားအပ်တဲ့ အိမ်ထောင်အကွဲအပြဲကို ကြိုတင် ကာကွယ်တာဟာ အကောင်းဆုံး ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်လမ်းတွေဟာ တကယ်မဖြစ်နိုင်တဲ့ ချစ်သူချင်း ဆက်ဆံရေးကို တင်ပြတတ်ပါတယ်။ လူတွေက အဲဒါမျိုးကို အားကျပြီး မဖြစ်နိုင်တာတွေကို အများကြီး မျှော်လင့်တတ်ကြပါတယ်။ အဲဒီလို မျှော်လင့်ရင်းနဲ့ ရေရှည်တည်တံ့မယ် ထင်ရတဲ့ စိတ်ကူးယဉ် အချစ်တွန်းအားနဲ့ အိမ်ထောင်ပြုတတ်ကြပါတယ်။ ဒါဟာ အကွဲအပြဲ ဖြစ်ရခြင်းရဲ့ အကြောင်းတစ်ခုပေါ့။

ထိမ်းမြားလက်ထပ်ခြင်းကို စိတ်ခံစားမှုအပေါ် အခြေခံပြီး တည်ဆောက်လိုက်တာထက် ပူးပေါင်းဆောင်ရွက်ခြင်းအဖြစ် ရှုမြင်ပြီး လက်တွဲလိုက်ကြတာက ပိုကောင်းပါတယ်။ လက်မထပ်ခင် တစ်ယောက်အကြောင်း တစ်ယောက်က ကောင်းကောင်းသိအောင် ကြိုးစားသင့်ပါတယ်။ လက်မထပ်ခင် မိသားစုတစ်ခု မတည်ဆောက်ခင် ကတည်းက ကိုယ်ရည်ရွယ်ထားတဲ့သူကို အခြေအနေ အမျိုးမျိုး အချိန်အခါ အမျိုးမျိုးမှာ ရှုထောင့်စုံကနေ အကဲခတ်သင့်ပါတယ်။ ဒါလည်း အကွဲအပြဲကို ကာကွယ်ဖို့ နည်းလမ်းတစ်ခုပေါ့။

အိမ်ထောင်တစ်ခုမှာ ပြဿနာရှိတာ အကြပ်အတည်းရှိတာဟာ သဘာဝပါ။ ဆက်ဆံရေးကောင်းနေအောင်၊ ပြဿနာ ဖြေရှင်းနိုင်စွမ်း တက်လာအောင် အပေးအယူ မျှမျှတတနဲ့ ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။ အိမ်ထောင်ဘက်ရဲ့ အရည်အသွေးကောင်းတွေ ကောင်းသည်ထက် ကောင်းလာအောင် ပံ့ပိုးပေးသင့် ပါတယ်။ အိမ်ထောင်ဘက်ကို တန်ဖိုးထားဖို့ လိုပါတယ်။ ငါ ဘာလုပ်လုပ် သူသိတာမှတ်လို့ဆိုတဲ့ အယူအဆဟာ တော်တော်ရက်စက်တဲ့ အိမ်ထောင်ဖက်ရဲ့ ခံယူချက် ဖြစ်ပါတယ်။ အပြန်အလှန် ပံပိုးမယ် အပြန်အလှန် လေးလေးစားစား အသိအမှတ်ပြုမယ်ဆိုရင် ကွဲပါလို့ လာခွဲတောင် ကွဲကြမှာ မဟုတ်ပါဘူး။ ဘ၀ဖော်တွေကိုး။

အိမ်ထောင်ကွဲတယ်ဆိုတာ သက်ဆိုင်သူတွေအတွက် နာကြင်စရာပါ။ အချိန်အကြာကြီး ခံစားရပါတယ်။ အိမ်ထောင်ကွဲကြရာမှာ ထုံးစံအားဖြင့် တစ်ယောက်က ကွဲဖို့ ဆန္ဒရှိပေမယ့် တစ်ယောက်က မကွဲချင်ပါဘူး။ ဒီလိုအခြေအနေမျိုးမှာ အမြော်အမြင် ကြီးကြီးနဲ့ စိတ်ရှည်ရှည်ထားပြီး သည်းခံလိုက်ရင် ပြဿနာ ပြေလည်သွားနိုင်ပါတယ်။

အိမ်ထောင်ကွဲကြရတဲ့အခါ သားသမီး ရှိနေတယ်ဆိုရင် ကွဲလိုက်တဲ့ လင်ယောက်ျားရဲ့ မကောင်းကြောင်း၊ ဒါမှမဟုတ် ဇနီးဟောင်းရဲ့ မကောင်းကြောင်းကို ကလေးတွေကို မပြောသင့်ပါဘူး။ ပြောမိရင် ကလေးတွေအပေါ် မကောင်းတဲ့ သြဇာသက်ရောက်မှုတွေ ကျရောက်နိုင်ပါတယ်။ အိမ်ထောင်ကွဲလိုက်တဲ့ မိဘနှစ်ပါးဟာ တစ်ယောက်နဲ့တစ်ယောက် တစ်သက်လုံး မပတ်သက်ကြတော့ဘဲ နေလို့ရပါတယ်။ ဒါပေမယ့် ကလေးတွေကတော့ မိဘနှစ်ပါးလုံးနဲ့ တစ်သက်လုံး ဆက်ဆံပတ်သက်နေကြရမှာပါ။ အဖေ့ဘက်ပါရင်ပါ၊ ဒါမှမဟုတ် အမေ့ဘက်ပါရင်ပါဆိုပြီး ကလေးတွေ ကြားကနေ အနေကြပ်အောင် မလုပ်သင့်ပါဘူး။ ကလေးတွေ သက်တောင့်သက်သာဖြစ်မယ့် အခြေအနေတစ်ရပ်ကို မိဘနှစ်ပါလုံးက အတတ်နိုင်ဆုံး ဖန်တီးပေးသင့်ပါတယ်။ သားသမီးကို ကြင်နာတဲ့စိတ်နဲ့ ပေါ့။

အိမ်ထောင်ကွဲထားတဲ့ အမျိုးသမီး တစ်ယောက်က ပြောဖူးပါတယ်။ အဲဒီ အမျိုးသမီးဟာ အိမ်ထောင်အကွဲအပြဲရဲ့ ဒုက္ခသုက္ခတွေကို ခံနိုင်ရည်ရှိဖို့ ဗုဒ္ဓဘာသာ တရားတော်ကို တန်ဖိုးထားပြီး အားကိုးပါတယ်။ လူ့ကျင့်ဝတ် ငါးပါးသီလကို လုံအောင်စောင့်ထိန်းခြင်း နဲ့ ဒုစရိုက်ဆယ်ပါးကို သတိထား ရှောင်ကြဉ်ခြင်းဟာ အိမ်ထောင်အကွဲအပြဲ ကာလမှာ သူ့အတွက် ထောက်တည်ရာ ဖြစ်ပါတယ် တဲ့။ ပူထူပြီး အရက်မူးအောင် သောက်ပြီး ပြဿနာကို ယာယီ ရှောင်ကွင်းလိုက်တာမျိုး မဟုတ်ဘဲ အခြေအနေမှန်ကို ရဲရဲရင်ဆိုင်လိုက်ပါတယ် တဲ့။ ခင်ပွန်းဟောင်းရဲ့ အပြစ်အနာအဆာတွေကို မဟုတ်မမှန် လုပ်ကြံပြောတာမျိုး၊ ချဲ့ကားပြောတာမျိုး မလုပ်ပါဘူး တဲ့။ သူများတွေရှေ့မှာ ခင်ပွန်းဟောင်းကို မဝေဖန် မတိုက်ခိုက်မိအောင် အပြောအဆို ဆင်ခြင်ပါတယ် တဲ့။ ခင်ပွန်းဟောင်း အပေါ်မှာ အရိုးသားဆုံး အမျှတဆုံးဖြစ်အောင် ကြိုးစားပါတယ် တဲ့။

ငြိမ်းချမ်းတဲ့ ဗုဒ္ဓဘာသာဟာ အိမ်ထောင်အကွဲ အပြဲကို အထူးတလည် မဆန့်ကျင်ပေမယ့် အားပေးအားမြှောက် မလုပ်ဘူး ဆိုတာတော့ အထူးပြောစရာ မလိုပါဘူး။ သိင်္ဂါလသုတ်မှာပါတဲ့ လင်ကျင့်ဝတ် မယားကျင့်ဝတ်တွေကို သာယာတဲ့ မိသားစုတွေ တည်ဆောက်ဖို့ လမ်းညွှန်ချက်တွေအဖြစ် ကျင့်သုံးနိုင်ကြပါတယ်။

:)
ရှင်အာစာရ


ရည်ညွှန်း

pp 12-13, “Dealing with Life's Issues, a Buddhist Perspectives” by Ven Thubten Chodron; 1st Edition, January 2008; 4th reprint of 5, 000 copies, May 2010; Printed by Fabulous Printers Pte Ltd (Singapore)

No comments:

Post a Comment