Friday, September 6, 2013

"ရာဟုလာ"မှ အိပ်ဖွင့်ပေးစာ - ၅




အားအားယားယား ရှိတာနဲ့ တောရောက်တောင်ရောက် တွေးနေတာတော့ ဘယ်ဟုတ်ပါ့မလဲ။ ရွာက ရာဟုလာမှာလည်း လုပ်စရာ ရှိတာတွေထဲက ကိုယ်လုပ်လို့ရတာ လုပ်ရသေးတယ်။ ဟိုဟိုဒီဒီ အတွေးရောက်တဲ့အခါလည်း ရောက်တာပေါ့။ များသောအားဖြင့် ကိုယ့်ဘာသာ သူ့ဘာသာအကြောင်းတွေ စဉ်းစားမိတာပါ။

“မြတ်စွာဘုရားရှင်ဟာ ဟိန္ဒူဘာသာကို တော်လှန်ခဲ့ရတာပဲ။”

“မြတ်စွာဘုရား ပွင့်ထွန်းတော်မူခြင်းကြောင့် အိန္ဒိယ နိုင်ငံ၏ ဘာသာရေးကဏ္ဍအတွက် အတုမဲ့ ကျေးဇူးတို့ ပေါ်ပေါက်ခဲ့သည်။ ဗုဒ္ဓဘာသာကို ခါးခါးသီးသီး ဖြစ်ခဲ့သော ဟိန္ဒူတို့ အတွက်ပင် ကျေးဇူး များခဲ့သည်။”

“ဗုဒ္ဓဘာသာ၏ အနတ္တ ဒေသနာတော်ကို ဟိန္ဒူတို့က ခါးခါးသီးသီး ငြင်းခဲ့၏။ မခံမရပ်နိုင် ဖြစ်ခဲ့ကြသည်။ အနတ္တ ဒေသနာကို မလှန်နိုင်၍သာ အောင့်သက်သက်နှင့် ငြိမ်ခံခဲ့ရသည်။ သို့သော် ဗုဒ္ဓဘာသာ အားနည်းချိန်၌ ဟိန္ဒူတို့က ဗုဒ္ဓဘာသာကို ပြန်ဖိနိုင်ခဲ့သည်။”

“သို့သော် ဟိန္ဒူဘာသာမှာ ဘုရားရှင် ပွင့်တော်မမူခင်က ရှိနှင့်သော အနေအထားမျိုး မဟုတ်တော့ပေ။ ဘုရားကျောင်းကို လက်ဝါးကြီးအုပ်ထားသော ဟိန္ဒူဘုန်းကြီးတို့၏ အဆင့်အတန်း လျော့ကျလာခဲ့သည်။”

“ဗုဒ္ဓဘာသာ၏ အရှိန်သြဇာ၊ ဗုဒ္ဓဘာသာ၏ ကျေးဇူးပြုမှုကြောင့် အသက်ကိုသတ်၍ ယစ်ပူဇော်သည့် အလေ့အကျင့် ပါးလျသွားခဲ့သည်။ ဇာတ်ခွဲခြားမှု၊ လူ့အဆင့်အတန်း မတရား ခွဲခြားမှုတို့ ပြေလျော့လာသည်။ အကြင်နာ အရိပ်လွှမ်းသည့် သက်သတ်လွတ် စားသုံးမှု အားကောင်းလာခဲ့သည်။”

“ဟိန္ဒူဘုန်းကြီးများ ၀ိနည်းစည်းကမ်းနှင့် တင်းတင်းကြပ်ကြပ် နေလာရသည်။ “ငါ ဘုန်းကြီးကွ”ဆိုပြီး ထင်တိုင်းကြဲ၍ မရတော့။ ကိုးကွယ်သူ လူတို့အပေါ် ဗိုလ်ကျအနိုင်ကျင့်မှုလည်း ကျဆုံးခဲ့သည်။ မြတ်စွာဘုရား ပွင့်တော်မမူခင်ကဆိုလျှင် လူဝတ်ကြောင် ဟိန္ဒူတို့၏ လူနေမှုဘ၀သည် ဟိန္ဒူဘုန်းကြီးများ၏ လက်ခုပ်ထဲကရေပင် ဖြစ်ခဲ့သည်။ လူတို့၏ နေရေး သေရေးနှင့် ဘ၀ရှင်သန်မှုတို့သည် ဟိန္ဒူဘုန်းကြီးတို့ ပြုသမျှ နုရသည့် အဖိခံသာ ဖြစ်ခဲ့သည်။”

“မြတ်စွာဘုရား ပွင့်တော်မူလာပြီး အခြေအနေ တိုးတက်လာခဲ့သည်။ မြတ်စွာဘုရား မရှိတော့သည့်နောက် ယနေ့တိုင်အောင်ပင် အဖိခံတို့၏ အခွင့်အရေး တိုးတက်လာခဲ့သည်။”

“ဗုဒ္ဓေါ လောကေ သမုပ္ပန္နော ဟိတာယ သဗ္ဗပါဏီနံ
သတ္တ၀ါ အားလုံးတို့၏ အစီးအပွားအတွက် မြတ်စွာဘုရား ပွင့်ထွန်းတော်မူခဲ့၏။”

ဒါက “ရာဟုလာ”နဲ့ ဘာဆိုင်သလဲတော့ မမေးနဲ့လေ။ ဆိုင်တယ်ဆိုရင်လည်း ဆိုင်တာပေါ့။ ထားပါတော့။ ဆက်တွေးနေရင် ဆုံးမှာမဟုတ်တော့ဘူး။ ကိုယ်လည်း ဒီလောက်ပဲ တွေးတတ်တာဆိုတော့ . . . ဒါပါပဲ။
တော်သေးပြီ။

:)
မေတ္တာဖြင့်
ဒေါက်တာ အရှင်အာစာရ

-----
စာကြွင်း -
သက်ဆိုင်သူများ အားလုံးသို့ ရည်ညွှန်းပါသည်။

No comments:

Post a Comment