Friday, January 3, 2014

အ လက်ဆင်န်

ဆရာ။   ။ “သားတို့ သမီးတို့ ကျောင်းပိတ်ရက်မှာ ကစားချိန်လျှော့ပြီး ဘုရားစာ တရားစာ လာသင်ကြတာ . . . . . . ။ အင်း . . . သနားပါတယ်။”
တပည့်တစ်ယောက်။   ။ “ဟင် စာသင်လာတာ . . . ဘာဖြစ်လို့ သနားတာလဲ ဆရာကြီး . . .။”

ဆရာ။   ။ “ဘုရားစာသင်လို့ သနားတာ မဟုတ်ပါဘူးကွယ်။ သားတို့ သမီးတို့ ကစားချိန် လျော့သွားလို့ သနားတာပါ။”

အခြားတပည့်။   ။ “မပူပါနဲ့ ဆရာကြီး။ ပြီးရင်ကစားကြမှာပါ။ ပိုပြီးတော့တောင် ကစားကြသေးတာ . . .။”

တပည့်များ။   ။ “ဟား ဟား ဟား . . . . . . . . . . ခစ် ခစ်။”

ဆရာ။   ။ “အေးပါကွယ်။ နေကြပါဦး။ ခုတော့ မကစားကြပါနဲ့ . . .။”

တပည့်များ။   ။ “ဟုတ်ကဲ့ပါ ဆရာကြီး။”

ဆရာ။   ။ “အေး အေး . . . . .။ ဘုရားစာ သင်တော့ လိမ္မာတာပေါ့။ သားတို့ သမီးတို့ လိမ္မာတာ . . . လွယ်လား ခက်လား။”

တပည့်များ။   ။ “လွယ်ပါတယ် ဆရာကြီး။ ခက်ပါတယ် ဆရာကြီး။ ဟား ဟား . . .။ မလွယ်ပါဘူး ဆရာကြီး။ လွယ်ခက်ကြီးပါ ဆရာကြီး . . . . . . .။”

ဆရာ။   ။ “အေး . . . . . .။ အားလုံးမှန်ပါတယ် . . .။ အဓိကက . . . လိမ္မာချင်ရင် လွယ်တယ်။ မလိမ္မာချင်ရင် ခက်တယ် . . . . .။ အမေဘယ်လို ချော့သိပ်ပေမယ့် ငါအိပ်မှ ပျော်မယ် . . . တဲ့။ ဟုတ်လား။ ဆရာဘယ်လို ဆုံးမပေမယ့် သားတို့ သမီးတို့ လိမ္မာမှ တော်မယ်။ တော်ချင်ရင် လိမ္မာချင်ရမယ်။ လိမ္မာချင်မှ လိမ္မာမှာ။ ဆရာ ဆုံးမတာ . . . အမေ ဆုံးမတာ . . . အဖေ ဆုံးမတာ . . . လူကြီးတွေ ဆုံးမတာ . . .။ သားတို့ သမီးတို့ကို လူကြီးမိဘ ဆရာသမားတွေက မဆုံးမကြဘူးလား။”

တပည့်များ။   ။ “ဆုံးမပါတယ် ဆရာကြီး။”

ဆရာ။   ။ “လူကြီးတွေက အားလုံးကို ဆုံးမကြတာပဲ။ ဒါပေမယ့် သားတို့ သမီးတို့ အားလုံးလိမ္မာကြလို့လား။”

တပည့်များ။   ။ “လိမ္မာပါတယ် ဆရာကြီး။”

ဆရာကြီး။   ။ “ဟုတ်လို့လား . . .။ မညာနဲ့နော်။ အားလုံး လိမ္မာကြတယ်ပေါ့။ အင်း . . . လိမ္မာလိုက်ကြတာ . . .။ လိမ္မာလို့ အခုလို ဘုရားစာ သင်နေကြတာပေါ့ . . .။ လိမ္မာချင်မှ လိမ္မာနိုင်တာ။ လိမ္မာချင်စိတ် မရှိရင် လိမ္မာရတာ တော်တော် ခက်တာပဲ . . . . .။ အမေ ဘယ်လောက် ချော့သိပ်ချော့သိပ် ကိုယ်အိပ်ချင်မှ အိပ်ပျော်တာ။ ဘယ်လောက် ဆုံးမဆုံးမ လိမ္မာချင်စိတ်ရှိမှ လိမ္မာတာ။ မဟုတ်ဘူးလား။”

တပည့်များ။   ။ “ဟုတ်ပါတယ် ဆရာကြီး။”

ဆရာကြီး။   ။ “အေး . . . . . . လိမ္မာချင်စိတ် ရှိဖို့ လိုတယ်ကွယ် . . . ။ ငါ လိမ္မာမယ် ငါ လိမ္မာတယ်၊ ငါ လိမ္မာမယ် ငါ လိမ္မာတယ်လို့ တစ်နေ့တစ်နေ့ အခေါက်တစ်သိန်းလောက် ဆိုကြ . . . . .။”

တပည့်များ။   ။ “ဟား ဟား ဟား . . . . . အောင်မလေး . . . တစ်သိန်း။”

ဆရာ။   ။ “ဟုတ်တယ်။ အဲ့ဒီလောက်မှ တော်ရုံကျတာ။ မဟုတ်ရင် မေ့သွားအုံးမယ်။”

တပည့်တစ်ယောက်။   ။ “မမေ့ပါဘူး ဆရာကြီး။”

ဆရာ။   ။ “အဲ မဆိုချင်လို့ ဥာဏ်များပြီ။ တစ်သိန်းများတယ်ကွာ . . .။ ဆယ်ခေါက်ပဲဆို။ နေ့တိုင်းနေ့တိုင်း ဆယ်ခေါက်နော်။ ရမလား။”

တပည့်များ။   ။ “ရပါတယ် ဆရာကြီး။”

ဆရာ။   ။ “ကဲ အခု စမ်းကြည့်ရအောင်။”

တပည့်များ။   ။ “ . . . . . . . . .”

ဆရာ။   ။ “ဟာ . . . . . . ဆိုကြလေ။”

တပည့်များ။   ။ “ဟင် . . . ဟားဟား . . . . . .။ ငါ လိမ္မာမယ် ငါ လိမ္မာတယ်၊ ငါ လိမ္မာမယ် ငါ လိမ္မာတယ်၊ ငါ လိမ္မာမယ် ငါ လိမ္မာတယ်၊ ငါ လိမ္မာမယ် ငါ လိမ္မာတယ်၊ ငါ လိမ္မာမယ် ငါ လိမ္မာတယ်၊ ငါ လိမ္မာမယ် ငါ လိမ္မာတယ်၊ ငါ လိမ္မာမယ် ငါ လိမ္မာတယ်၊ ငါ လိမ္မာမယ် ငါ လိမ္မာတယ်၊ ငါ လိမ္မာမယ် ငါ လိမ္မာတယ်၊ ငါ လိမ္မာမယ် ငါ လိမ္မာတယ်။”

ဆရာ။   ။ “ပြည့်ပြီလား။”

တပည့်များ။   ။ “ပြည့်ပါပြီ ဆရာကြီး။”

ဆရာ။   ။ “ဟုတ်ပြီ။ မမေ့ကြနဲ့။ နေ့တိုင်းနေ့တိုင်း ဆယ်ခေါက် ဆိုကြ . . .။ တစ်သိန်း မဟုတ်ဘူးနော်။ ဆယ်ခေါက် . . .။ ဒါမှ မမေ့မှာ။ လိမ္မာချင်စိတ် ရှိဖို့လိုတယ်။ ဒါမှ တကယ်လိမ္မာကြမှာ။ မှန်ရဲ့လား။”

တပည့်များ။   ။ “မှန်ပါတယ် ဆရာကြီး။”

ဆရာ။   ။ “သားတို့သမီးတို့ တကယ်လိမ္မာတာ ဟုတ်ကြရဲ့လား။”

တပည့်များ။   ။ “ဟုတ်ပါတယ် ဆရာကြီး။”

ဆရာ။   ။ “လိမ္မာတယ်ဆိုပြီး ဆရာ ဆရာမတွေကို ဘယ်နှခါ ညာဖူးသလဲ။”

တပည့်များ။ “မညာပါဘူး ဆရာကြီး။”

ဆရာကြီး။   ။ “အိမ်စာ လုပ်ခဲ့ပါ ဆိုတော့လေ . . . သင်္ချာကို ကိုယ့်ဟာကိုယ် မတွက်ဘဲ သူများတွက်ထားတဲ့ သင်္ချာကို ကူးချတာ . . . အဲ့ဒါ လိမ္မာတာလား။”

တပည့်များ။ “ကူးမချပါဘူး ဆရာကြီး။”

ဆရာ။   ။ “အိမ်ကို စာအုပ်ဖိုး တောင်းတော့လည်းလေ . . . စာအုပ်က နှစ်ရာပဲ ပေးရတာ . . . တောင်းတော့ . . . စာအုပ်ဖိုး သုံးရာတဲ့ . . .။ အဲ့ဒါ လိမ္မာတာလား။ ပိုမတောင်းဘူးလား။”

တပည့်များ။   ။ “မတောင်းပါဘူး ဆရာကြီး။”

ဆရာ။   ။ “ကျူရှင်ဆိုပြီး ထွက်သွားလိုက်တာ . . . နေရာအနှံ့ လျှောက်လည်တော့တာပဲ . . .။ လိမ္မာသေးရဲ့လား။”

တပည့်များ။   ။ “ဘယ်မှ မသွားပါဘူး ဆရာကြီး။”

တပည့်။   ။ “အေး . . . လူကြီးမိဘ ဆရာသမားတွေက ဆုံးမတယ် ဆိုတာလေ . . . သားတို့သမီးတို့ ကျူရှင် တကယ်သွားမသွား အမြဲတမ်း လိုက်မကြည့်နိုင်ဘူး . . .။ စီးပွားရေး လုပ်ရသေးတယ်။ လူမှုရေးတွေ လုပ်ရသေးတယ်။ သားတို့သမီးတို့ကို ကျောင်းထားနိုင်အောင်၊ လူတန်းစေ့ ၀တ်နိုင်စားနိုင်အောင်၊ သားတို့သမီးတို့ မျက်နှာမငယ်ရအောင် . . . လူကြီးတွေမှာ မိုးလင်းကမိုးချုပ် . . . လုပ်နေကြရတာ . . .။ သားတို့ သမီးတို့ လိမ္မာမှ ဖြစ်မယ်။ စိတ်ပါလက်ပါ လိမ္မာမှ . . .။ လိမ္မာချင်စိတ်နဲ့ လိမ္မာမှ။ ၀တ်ကျေတန်းကျေ . . . လူကြီးတွေ ကျေနပ်ရုံ လိမ္မာလို့ မဖြစ်ဘူး . . .။ မညာနဲ့နော်။ တကယ် လိမ္မာရမှာ . . .။ ရှင်ရာဟုလာကို မြတ်စွာဘုရားက ဆုံးမတယ်။ ရာဟုလာ မညာပါနဲ့ . . . တဲ့။ ဘယ်လို ဆုံးမတာလဲ . . .။”

တပည့်များ။   ။ “ရာဟုလာ မညာပါနဲ့။”

ဆရာ။   ။ “ဆရာလည်း ဆုံးမပါတယ်ဗျာ . . .။ သားတို့ သမီးတို့ မညာပါနဲ့ . . .။”

တပည့်များ။   ။ “မညာပါဘူး ဆရာကြီး။”

ဆရာ။   ။ “လိမ်တယ်ညာတယ် ဆိုရင်တဲ့ . . .။ လိမ်တဲ့ညာတဲ့လူဟာ မကောင်းမှုတွေ အကုန်လုပ်တော့တာပဲတဲ့ . . .။ သူခိုးလည်း ညာတယ်။ ဓားပြလည်း ညာတယ်။ သူခိုး ခိုးတယ်ပြော ထောင် ဘယ်ဆန့်တော့မှာလဲ . . .။ ညာရင်းညာရင်းနဲ့ ဆိုးရင်းဆိုးရင်းနဲ့ . . . ဆိုးလိုက်ညာလိုက် ညာလိုက်ဆိုးလိုက် သံသရာ လည်နေတော့တာ . . .။ ငယ်ငယ်က လူကြီးမိဘ ဆရာသမားတွေကို ညာ၊ ကစားရင်းနဲ့ သူငယ်ချင်းတွေကို ညာ။ ကြီးတော့လည်း လူညာကြီး။ ဟုတ်လား။”

တပည့်များ။   ။ “မညာပါဘူး ဆရာကြီး။ ဆရာကြီး မညာပါဘူး။”

ဆရာ။  ။ “ဟင်း . .။ ဆရာကြီးလည်း မလွယ်ပါလား။ ကျောင်းသားတုန်းက ညာရင် ဆရာဖြစ်တော့လည်း ညာမှာပဲ။ ငယ်ငယ်က လိမ္မာရင် ကြီးတော့လည်း လိမ္မာမယ် . . .။ ကဲ . . . ဟိုတစ်ခါ သင်ထားတဲ့ ကဗျာလေး မေ့ပြီလား။ ဆိုကြည့်ကြစမ်း . . .။ သူသူငါငါ မှန်သမျှ လိမ်တာညာတာ မကြိုက်ကြ . . .။”

တည့်များ။   ။ “သူသူငါငါ မှန်သမျှ၊ လိမ်တာညာတာ မကြိုက်ကြ။
ကိုယ်ချင်းစာနာ ဆင်ခြင်ပါ၊ လိမ်ညာမုသား မပြောရ။”

ဆရာ။   ။ “နောက်တစ်ခေါက် . . .။”

တည့်များ။   ။ “သူသူငါငါ မှန်သမျှ၊ လိမ်တာညာတာ မကြိုက်ကြ။
ကိုယ်ချင်းစာနာ ဆင်ခြင်ပါ၊ လိမ်ညာမုသား မပြောရ။”

ဆရာ။   ။ “တော်လိုက်တာ . . . မမေ့သေးဘူး။ ကိုယ်ချင်းစာစိတ်နဲ့ ဆင်ခြင်ရမယ် . . .။ မိဘနေရာ နေကြည့်။ ဆရာ ဆရာမနေရာ နေကြည့်။ ကျူရှင်ဆိုပြီး ဂိမ်းဆိုင်ရောက်သွားတာ မိဘသိရင် ဘယ်လိုနေမလဲ . . .။”

တပည့်များ။   ။ “ဆော်ပလော်တီး . . . ဟား ဟား . . .။”

ဆရာ။   ။ “ဆော်ပလော်တီးတာ တီးချင်လို့ တီးတာ မဟုတ်ဘူး။ သားတို့ သမီးတို့ကို လိမ္မာစေချင်လို့။ ကျူရှင်မသွားဘဲ လိမ်တာကို မကြိုက်လို့ . . .။ ဆော်ပလော် တီးတော့ကော မှတ်သလား။ လိမ္မာချင်စိတ် မပါရင် မရဘူး . . .။ လိမ္မာချင်စိတ်နဲ့ လိမ္မာမှ . . .။ စိတ်မပါရင် . . . ခွေးမြီးကောက် ကျည်တောက်စွပ် ဆိုတာလိုပဲ။ ခွေးမြီးက ကောက်နေတာ။ ကျည်တောက်ဆိုတာက ၀ါးဆစ်တစ်ဘက်ပိတ် ဖြတ်ထားတဲ့ . . . ၀ါးတို။ တစ်ဘက်က အဖွင့် တစ်ဘက်က အဆစ်ပိတ်နဲ့။ အပွင့်ဘက်ကို အထက်ကထား ထောင်တယ်ဆိုရင် ရေတောင် ထည့်လို့ ရတယ်။ ပစ္စည်းထည့်လို့ရတယ်။ ခဲတံတို့ ပေတံတို့လို ရှည်တဲ့ပစ္စည်း ထည့်လို့ရတယ်။ အဲ့ဒီ ကျည်တောက်ထဲ ခွေးမြီး ထည့်စွပ်ရင် ကျည်တောက်ထဲမှာ ခွေးမြီး ဖြောင့်နေတာပေါ့။ ကျည်တောက်ချွတ်လိုက်ရင် ခွေးမြီးက အကောက် အကောက်ပဲ။ အဲ့ဒီလိုပဲ တကယ် မလိမ္မာတဲ့ အခါကျတော့ . . .  ကျောင်းမှန်မှန်တက်ပါဟဲ့ဆိုရင် တက်တာပဲ။ ခဏပဲ။ တစ်ပတ်လောက်နေတော့ ကျောင်းပုန်းတာပဲ။ ပြောတုန်း ခဏပဲ။ တကယ် စိတ်မပါတော့ . . . ခွေးမြီးကောက် ကျည်တောက်စွပ်သလိုပဲ။ အသိစိတ်နဲ့ လိမ္မာရမှာ . . .။ ဟန်ဆောင်ပန်ဆောင် လိမ္မာတာကတော့ . . . ပါးစပ်က ဘုရားဘုရား လက်က ကားယားကားယား . . .။ ပါးစပ်ကတော့ ဟုတ်ကဲ့ ဟုတ်ကဲ့။ လုပ်လိုက်တော့ အလွဲချည်းပဲ . . .။ ကိုယ့်ဟာကိုယ် အိမ်စာလုပ်ခဲ့ဆိုတော့ ဟုတ်ကဲ့ပါ ဆရာကြီးတဲ့။ ပြီးတော့ သူများဆီက ကူးချ . . .။ ကျောင်းသွားကျောင်းသွားဆိုတော့ ဟုတ်ကဲ့ဟုတ်ကဲ့ . . . လွယ်အိတ်လေး ဆွဲထွက်သွား . . . ဂိမ်းဆိုင်ရောက် . . .။ ဟုတ်လား . . .။”

တပည့်များ။   ။ “မရောက်ပါဘူး ဆရာကြီး။”

ဆရာ။   ။ “ဟုတ်ပြီ . . . သားတို့ သမီးတို့က လိမ္မာကြပါတယ် . . .။ ဆရာကောင်းတပည့် ပန်းကောင်းပန်။ ဟုတ်ရဲ့လား။”

တပည့်များ။   ။ “ဟုတ်ပါတယ် ဆရာကြီး။”

ဆရာ။   ။ “သားတို့ သမီးတို့ လိမ္မာတော့ ဆရာလည်း ဂုဏ်ရှိတာပေါ့။ အိမ်က မိဘတွေလည်း မျက်နှာပန်း လှတာပေါ့။ သားသမီးမကောင်း . . . ဘယ်သူ့ခေါင်းလဲ . . .။”

တပည့်များ။   ။ “မိဘခေါင်း . . . . .။”

ဆရာ။   ။ “သားတို့သမီးတို့ ရန်ဖြစ်ရင် . . . ကျောင်းပုန်းရင် . . . မိမဆုံးမ ဖမဆုံးမ . . . ဘယ်ဆရာဆရာမ အတန်းက ကျောင်းသား . . . မိဘဆရာသမားတွေပါ မထိခိုက်ဘူးလား . . .။”

တပည့်များ။   ။ “ထိခိုက်ပါတယ် ဆရာကြီး။”

ဆရာ။  ။ “ကဲ . . . စာကျက်ရအောင် . . .။ စာမျက်နှာ ၁၆။ နံပါတ်ဘယ်လောက် ရောက်ပြီလဲ . . .။”

တပည့်များ။   ။ “နံပါတ် ၇။”

ဆရာ။   ။ “နံပါတ် ၇ကနေ ၉ အထိ ဆိုကြစမ်း။”

တပည့်များ။   ။ “ဒက္ခိဏေယျဂုဏ်တော်
ဒက္ခိဏေယျော၊ နောက်နောက်ဘ၀ အကျိုးရဖို့ ပျိုးချတုံလတ် မြတ်သော အလှူဝတ္ထုမျိုးကိုလည်း ခံယူခြင်းငှာ ထိုက်တန်စွာသော သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်တို့နှင့်လည်း ပြည့်စုံတော်မူပါပေ၏။
အဉ္ဇလိကရဏီယဂုဏ်တော်
အဉ္ဇလိကရဏီယော၊ လူမင်း နတ်မင်း ဗြဟ္မာမင်းတို့၏ လက်အုပ်ချီခြင်းကို ခံယူထိုက်သော သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်တို့နှင့်လည်း ပြည့်စုံတော်မူပါပေ၏။
အနုတ္တရပုညခေတ္တ လောကဿ ဂုဏ်တော်
လောကဿ၊ လူအပေါင်း၏။ အနုတ္တရံ၊ အတုမရှိ မြင့်မြတ်သော။ ပုညခေတ္တံ၊ ကုသိုလ်မျိုးကို စိုက်ပျိုးချရာ လယ်ယာမြေကောင်းသဖွယ်လည်း ဖြစ်တော်မူပါပေ၏။
တံ၊ ထို သုပ္ပဋိပ္ပန္န အစ ပုညခေတ္တံ အဆုံး ဘ၀ဂ်ချုန်းမျှ ဘုန်းရှိန်ကြီးမား ဂုဏ်ကိုးပါးနှင့် ပြည့်စုံတော်မူသော သံဃာတော်မြတ် အပေါင်းကို။ အဟံ၊ တပည့်တော်သည်။ ၀န္ဒာမိ၊ ရှိခိုးပါ၏။”

ဆရာ။   ။ “မဖတ်တတ်တဲ့ စာလုံး ပါသေးလား။”

တပည့်များ။   ။ “မပါပါဘူး ဆရာကြီး။”

ဆရာ။   ။ “ဟုတ်ပြီ . . .။ ဒီနေ့ ရအောင်ကျက်မယ်။ ဆယ်မိနစ်ပဲ ကျန်တော့တာ။ ရပါ့မလား . . .။”

တပည့်များ။   ။ “ရပါတယ် ဆရာကြီး။”

ဆရာ။   ။ “ကဲ . . . ကျက်ကြ . . .။”

တပည့်များ။   ။ “ဒက္ခိဏေယျဂုဏ်တော်
ဒက္ခိဏေယျော၊ နောက်နောက်ဘ၀ အကျိုးရဖို့ ပျိုးချတုံလတ် မြတ်သော အလှူဝတ္ထုမျိုးကိုလည်း ခံယူခြင်းငှာ . . . . . . . . . .။”

(ဆက်ရန် . . . . .)

:)
ရှင်အာစာရ

1 comment: