Friday, January 24, 2014

ဘုရားတည်ခြင်း




“ဘုရား ဘုရား” ဟူသော ဟစ်ကျူးသံသည် သဒ္ဓါဖြင့် ကြားကြသူတို့၏ သန္တာန်၌ စကြာမင်း စည်းစိမ်ကို ခံစားရခြင်းထက် သာလွန်သော ပီတိကို ဖြစ်ထွန်းစေနိုင်သည် ဆို၏။ ဟုတ်သင့်သည်။ ဘုန်းခေါင် ငါတို့ ဘုရားပေကိုး။

အထက်ပါ ကိစ္စနှင့် စပ်လျဉ်း၍ ဘုရားတည်ခြင်းကို သာသနာပြုလုပ်ငန်းဟု ညွှန်းဆိုကြသည်မှာ မြန်မာဗုဒ္ဓဘာသာဓလေ့တစ်ခုဟုပင် ဆိုနိုင်လောက်ပေသည်။ အဆိုပါ လုပ်ငန်းမှာ အတုမဲ့ ဘုရားရှင်ကို ပူဇော်ခြင်း ဖြစ်သောကြောင့် အပြစ်ဆိုဖွယ် မရှိပေ။ ယေဘုယျ ဆိုရသော် ထိုအလုပ်ကို ညွှန်းဆိုသည့် ထိုစကားမှာလည်း ကောင်းမွန်သင့်တင့်ပေ၏။ စေတီများ ဆင်းတုများကို အကြောင်းပြု၍ ဘုရားဖူးတို့ ကုသိုလ်ပွားခွင့် ရနေသည် မဟုတ်လော။

သို့သော် သာသနာပြုလုပ်ငန်း ဆောင်ရွက်ပြီးနောက် သာသနာထိန်း လုပ်ငန်းကိုလည်း အလေးပြုသင့်ပေသည်။ သာသနာပြု ဘုရားတည်ပြီးနောက် တည်ထားအပ်သော စေတီတော် ဆင်းတုတော်များကို အစဉ်သဖြင့် သပ်ရပ်ခန့်ငြား လေးစားကြည်ညိုဖွယ် ဖြစ်နေစေဖို့ လိုအပ်၏။ ပြုပြီး မထိန်းနိုင်လျှင် ပျက်၏။ ထိုအခါ သာသနာ ဖျက်သကဲ့သို့ ဖြစ်သွားနိုင်ပေသည်။ ပြုပြီးတည်ပြီး စေတီတော် ဆင်းတုတော်များကို အလေးအမြတ် မပြုနိုင်လျှင် သာသနာ အသရေ ယုတ်ရ၏။ ထို့ပြင် စေတီတော် ဆင်းတုတော်များ ကြီးကြီးများများ တည်ထားခြင်းထက် တည်ထားသူ ထုဆစ်သူ ဖူးမျှော်သူတို့ ကုသိုလ်ကြီးမည့်အရေးကို ပို၍ အလေးပေးသင့်ပေသည်။ ယခုအခါ စေတီများ ဆင်းတုများ ဖောင်းပွသည့် သဘောသို့ ရောက်ရှိသွားပြီး မထိန်းနိုင် မသိမ်းနိုင် မဖွယ်မရာ ပစ်ထားလိုက်ရခြင်း၊ သို့မဟုတ် ဂရုစိုက်မှု နည်းပါးရခြင်းတို့ လျော့ပါးသင့်ပေပြီ။ စေတီများ ဆင်းတုများ ဖောင်းပွသည့် သဘောသို့ ရောက်ရှိရခြင်းမှာ အလှူရှင်တို့က သက်ရှိအလှူခံကို လှူဒါန်းပူဇော်ခြင်းထက် သက်မဲ့စေတီ တည်ဆောက်ခြင်း  ထွင်းထုခြင်းများကို ပို၍ စိတ်ဝင်စားကြသောကြောင့် ဖြစ်နိုင်ပေသည်။ အလှူရှင်တို့ ထိုသို့ ဆုံးဖြတ်သည်ကိုလည်း အပြစ်မဆိုသာပေ။ ရဟန်း ရှင်လူ တစ်ဦးတစ်ယောက်ကို ပုဂ္ဂလိကဆန္ဒအတိုင်း သုံးစွဲခွင့်ပေး၍ လှူဒါန်းရာ၌ အလှူခံပုဂ္ဂိုလ်က အလှူဝတ္ထုကို အလွဲသုံးစားခြင်း ဖြစ်ပေါ်လာနိုင်သည်။ သို့ဖြစ်၍ အလှူရှင်တို့က သေချာရာကို ရွေးခြယ်၍ သာမာန်ထက် သာလွန်သော အတုမဲ့ ဘုရားရှင်ကို အလေးပြု ပူဇော်လိုက်ကြခြင်းမျိုး ဖြစ်ပေလိမ့်မည်။ မည်သို့ဆိုစေ စေတီများ ဆင်းတုများ သပ္ပာယ်ခန့်ငြား လေးစားဖွယ်ဖြစ်နေအောင် အစဉ်အားစိုက်နိုင်ကြဖို့ အရေးကြီးပေသည်။

ဤနေရာ၌ အထက်ဖော်ပြပါ စေတီဖောင်းပွသည့် သဘောမျိုး ရှိနေသည်၏ အခြားတစ်ဘက်၌ ကောင်းကွက်တစ်ခု ရှိနေ၏။ ၎င်းကား ဒေသန္တရ လေ့လာရေးခရီးသွားခြင်း အလေ့အထ နည်းပါးသော မြန်မာတို့အတွက် အခွင့်ကောင်း တွန်းအားကောင်း တစ်ခုဖြစ်သော ဘုရားဖူး ခရီးစဉ်များ ရှိတည်နိုင်ခြင်း ဖြစ်၏။ စေတီတို့ကို အကြောင်းပြု၍ ခရီးထွက်ဖြစ်ကြသည်။ မြန်မာနိုင်ငံ၌ အများပြည်သူတို့၏ လာရောက်ဖူးမျှော်လိုစိတ်ကို နှိုးဆွနိုင်သော စေတီပုထိုး မြောက်များစွာ ရှိနေ၏။ ဒေသအနှံ့ လှည့်လည်၍ ဘုရားဖူးကြခြင်းကို အချို့က အပြစ်ဆို၏။ ဘုရားလည်ထွက်ခြင်းဟု နှုတ်လှံဖြင့် ထိုး၏။ သို့သော် ဘုရားဖူး ခရီးစဉ်များ၌ ကောင်းကွက်များစွာ ပါဝင်နေသည်ကိုလည်း မျက်ကွယ်မပြုသင့်ပေ။ ဘုရားများ၌ ကုသိုလ် တစ်မျိုးမျိုး ရနိုင်သည်။ ဒေသန္တရ ဗဟုသုတ ရနိုင်သည်။ အုပ်စုလိုက် ဘုရားဖူးခရီးစဉ်၌ လူမှုရေး ဆက်ဆံရေး အတွေ့အကြုံများ ရနိုင်သည်။ သို့ဖြစ်၍လည်း နိုင်ငံအနှံ့ ရှိနေသော စေတီများ ဆင်းတုများကို အကြောင်းပြု၍ ဘုရားဖူး ခရီးများ တည်ရှိနေခြင်း ဖြစ်ပေသည်။

ဘုရားတည်ခြင်းနှင့် စပ်လျဉ်းသည့် အခြားတစ်ခုမှာ နှလုံးသား၌ ဘုရားတည်ခြင်း ဖြစ်၏။ အုတ်ကျောက်တို့ဖြင့် ဘုရားတည်ခြင်းထက် တရားဓမ္မတို့ ရင်မှာကိန်းဝပ်စေခြင်းက ပို၍ မြင့်မြတ်သည် ဆို၏။ ဘုရားရှင်၏ အဆုံးအမ တရားတော်ကို လက်တွေ့ကျင့်သုံးခြင်း၊ တရားတော်ကို စိတ်၌စွဲထားခြင်းတို့ကို နှလုံးသား၌ ဘုရားတည်ခြင်းဟု ဆိုကြ၏။ နှလုံးသား၌ ဘုရားတည်ရာ၌ ကြာနာခြင်း၊ ဖတ်ရှုခြင်းဖြင့် ဆည်းပူးစုဆောင်းအပ်သော လောကသုတ ဓမ္မသုတတို့ကို လက်တွေ့အကျိုးရအောင်း အသုံးချနိုင်ဖို့ လို၏။ ထိုထို သုတများ စုဆောင်နိုင်ရေးအတွက် အားကြီးသော အထောက်အပံ့ဖြစ်သော စာကြည့်တိုက်များ တည်ထောင်ခြင်းကို ဘုရားတည်ခြင်းဟုပင် ဆိုနိုင်၏။ သို့သော် စာကြည့်တိုက် တည်ဆောက်ခြင်းကို ဘုရားတည်ခြင်းဟု အများစုက မရှုမြင်နိုင်ကြသေးပေ။ ထို့ပြင် သုတပွားစေ၊ ပညာများစေနိုင်သော စာကြည့်လေ့ မထွန်းကားသေးခြင်းမှာလည်း အလေးထား ဖြေရှင်းရမည့် ပြည်တွင်းရေး ပြဿနာတစ်ခုပင် ဖြစ်နေဟန်တူ၏။

အချုပ်မှာ သာနာပြု ဘုရားတည်ခြင်းများ အားတက်သရော ဆောင်ရွက်ကြကာ ဖြစ်တည်ပြီး စေတီများကို အစဉ်သဖြင့် လေးစားခန့်ငြား မြတ်နိုးတန်ဖိုးထားဖွယ် ဖြစ်နေစေရန်နှင့် သုတဗုဒ္ဓ ဓမ္မဘုရား လောကဗုဒ္ဓ သုတကြွယ်သူများ ထွန်းကားလာစေရေးအတွက် ဘုရားတည်ခြင်းဟု ခေါ်ဆိုထိုက်သော စာကြည့်တိုက် တည်ထောင်ခြင်းများ ပြုလုပ်ကြ၍ စာဖတ်လေ့ ထွန်းကားအောင်လည်း ဆောင်ရွက်သင့်ကြကြောင်း သတိပေးလိုရင်း ဖြစ်သည်။

:)
ရှင်အာစာရ

--------
ဓာတ်ပုံ
တည်ဆောက်ဆဲ
သုတဒါယာဒ စာကြည့်တိုက်
“ရာဟုလာ” ဓမ္မသင်တန်းကျောင်း
စိုင်ပြင်ရွာ၊ ဒီပဲယင်းမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး

No comments:

Post a Comment