သားတို့သမီးတို့က အာဂမဒါယာဒ အာဂုံပြန်စာမေးပွဲ
ဝင်ဖြေဖို့ စာကျက်နေကြတာ။ အာဂလူတွေဖြစ်အောင် အာဂုံကျက်ကြတယ်။ ဟုတ်လား။
(ဟုတ်ပါတယ် ဘုရား။)
ခု ဘာတွေ အာဂုံရပြီလဲ။
(လယ်တီကဗျာ . . .။) (မင်္ဂလသုတ် . .
.။) (မေတ္တသုတ် . . .။) (ရတနသုတ် . . .။) (အာဋာနာဋိယသုတ် . . .။)
ပရမတ္ထသံခိပ်ရော?
(စိတ်ပိုင်း . . .။) (စေတသိက်ပိုင်း
. . .။) (ပကိဏ်းပိုင်း . . .။)
ဟုတ်ပြီ . . .။ အာဂုံရအောင် ကျက်ရမယ်
. . .။ အာဂုံရမှ အာဂလူ . . .တဲ့။ အာဂုံရရုံနဲ့ မပြီးသေးဘူးနော်။ အဓိပ္ပာယ် သိဖို့လည်း
လိုသေးတယ်။ အဓိပ္ပာယ်သိမှ အဓိပ္ပာယ် ရှိတဲ့လူ။ လယ်တီကဗျာ ရတယ်ဆိုတော့ . . . လယ်တီကဗျာက
ဘာတွေလဲ။
(သုံးလူ့ရှင်ပင် . . . ခုနစ်နေ့ဘုရားရှိခိုး။)
(သတ္တဌာန ဘုရားရှိခိုး။) (နိဗ္ဗိန္ဒတေးထပ်။) (ဆုံးမစာတေးထပ်။)
ဆုံးမစာက . . . ဘယ်သူက ဘယ်သူ့ကို ဆုံးမတာလဲ။
(လယ်တီဆရာတော်ကြီးက ဆုံးမတာပါ ဘုရား။)
ဘယ်သူ့ကို ဆုံးမတာလဲ။
(တပည့် မောင်သြဇာ။) (တပည့် မောင်ရောင်နီ။)
(ဦးထွန်းဦး နှင့် ဦးထွန်းလှ။)
ဟုတ်ပြီ။ ကဲ တစ်ပုဒ်လောက် အာဂုံ ဆိုပြစမ်းပါ။
အဓိပ္ပာယ် ပြောပြမယ်။
(ငါးအာရုံ ဆုံးမစာ
ငါးအာရုံ ဘင်အစု၊ ခင်မှုနှင့် နေ့ကုန်
နင်ယခု မေ့ပုံလို၊ တွေ့မကြုံ စခန်း
ပါယ်လေးဝ သောကဘုံမှာ၊ မျောရရုံ ရှိတော့ခမန်း။
အောက်အ၀ီစိ သောင်းအငူမှာ၊ ခေါင်းမပြူစတမ်း
နှစ်အရှည် နစ်မည်လမ်းကိုလ၊ နင်မျှော်စမ်း
နင့်ကိုယ်
ဒေသနာ ထင်အလင်းရယ်နှင့်၊ နင်အဖျင်း
ပိုထက်သာပို။
သည်လောဘ စရိုက်အိုကို၊ မလိုက်လို ရှောင်ပစ်လို့
နောင်အသစ် တကယ်ပြင်လျှင်၊ ကောင်းဖို့အစဉ်
ခွင့်သာခိုက်ကမှ မလိုက်ချင်လျှင်၊ အမိုက်နင့်ပြင်
ရှိသေးလေလိမ့်လား။
ခွင့်သာဆဲကမှ မခဲချင်လျှင်၊ အလွဲနင့်ပြင်
ရှိသေးလေလိမ့်လား။
ခွင့်သာတုန်းကမှ မရုန်းချင်လျှင်၊ အရှုံးနင့်ပြင်
ရှိသေးလေလိမ့်လား။)
ရကြသားပဲ။ အာဂလူတွေ . . .။ “ပါယ်လေးဝ
သောကဘုံ”တဲ့။ အပါယ်ဘုံက ဘယ်နှဘုံ ရှိတာလဲ။
(လေးဘုံပါဘုရား။)
အဲ့ဒီ အပါယ်လေးဘုံဆိုတာ သောကဘုံတဲ့။
ဘယ်လိုဘုံလဲ။
(သောကဘုံပါဘုရား။)
အမြဲတမ်း စိတ်သောကရောက်နေရတာ။ အမြဲတမ်း
စိတ်ဆင်းရဲနေရတာ။ စိတ်ညစ်နေရတာ။ တစ်ခါမှ ပျော်တယ်လို့ မရှိဘူး။ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ။
ဒါကြောင့် သောကဘုံတဲ့။ အ၀ီစိ ဆိုတာကတော့ အပါယ်ဘုံတွေထဲက အောက်ဆုံး အနိမ့်ဆုံး အဆင်းရဲဆုံး
သောကတွေ အများဆုံးဘုံ။ အပါယ်ဘုံ အ၀ီစိဘုံဆိုတာ ထားလိုက်တော့။ မင်းတို့မှ မသိတာ။ ငရဲ
ရောက်ဖူးလား။
(မရောက်ဖူးပါဘုရား။)
ဒီဘ၀ မွေးလာကတည်းက ဒီရွာမှာပဲ နေလာတာ။
ငရဲ မရောက်ဖူးသေးဘူး။ တိရစ္ဆာန်တော့ မြင်ဖူးတယ်နော်။
(မြင်ဖူးပါတယ်ဘုရား။)
ခွေးတွေ၊ ၀က်တွေ၊ ကြက်တွေ၊ ငှက်တွေ။
တိရစ္ဆာန်တွေတော့ မြင်ဖူးတယ်။ သူတို့ ဆင်းရဲတယ်နော်။ ရိုက်နှက်တာတွေ၊ သတ်ဖြတ်တာတွေ ခံနေကြရတယ်။
စားချင်တိုင်း မစားရ။ ကစားချင်တိုင်း မကစားရ။ ကျောင်းလည်း မတက်ရ။
အပါယ်က လွတ်တယ်ဆိုပေမယ့် . . . လူ့ဘုံ။
လူ့ဘ၀ ဖြစ်လာပေမယ့် . . .။ လူ့လောကမှာလည်း ဘ၀တွေက အမျိုးမျိုးရှိတာ။ ဆင်းရဲတဲ့ ဘ၀၊
ချမ်းသာတဲ့ ဘ၀။ သောကရောက်တဲ့ ဘ၀။ သောက ကင်းတဲ့ဘ၀။ လူဖြစ်ပေမယ့် နိမ့်ကျတဲ့ ဘ၀ဆိုရင်
ဆင်းရဲတယ်။ သောကရောက်ပြီး စိတ်ချမ်းသာနိုင်ပါ့မလား။
(မချမ်းသာနိုင်ပါဘုရား။)
လူဖြစ်ပေမယ့် စားချင်တာ မစားရ။ စားရတော့လည်း
၀၀လင်လင် မစားရ။ ကစားချင်တိုင်း လွတ်လွတ်လပ်လပ် မကစားရ။ ကျောင်းနေရမယ့် အရွယ်ငယ်ငယ်မှာ
ကျောင်းမနေနိုင်။ မိဘဖြစ်လာတော့လည်း သားသမီးကို ကျောင်းမထားနိုင်။ နောမကောင်းလို့မှ
ဆေးကောင်းကောင်း မကုနိုင်။ မဆင်းရဲဘူးလား။
(ဆင်းရဲပါတယ်ဘုရား။)
လူဖြစ်ပေမယ့် လူ့အပါယ်။ အပယ်ခံဘ၀။ သားတို့
သမီးတို့ အဲ့ဒီလို ဘ၀မျိုး မလိုချင်ဘူးလား။
(မလိုချင်ပါဘုရား။)
လယ်တီဆရာတော်ကြီးကတော့ ဆုံးမတယ်။ “ပါယ်လေးဝ
သောကဘုံမှာ၊ မျောရရုံ ရှိတော့ခမန်း။ အောက်အ၀ီစိ သောင်းအငူမှာ၊ ခေါင်းမပြူစတမ်း”တဲ့။
ဘယ်သူ့ကို ဆုံးမတာလဲ။
(မောင်သြဇာ။)
မောင်သြဇာကို ဆုံးမတယ်။ ဆင်းရဲသောက
ရောက်ရတဲ့ သောကဘုံ၊ အောက်ဆုံး အနိမ့်ဆုံး အ၀ီစိဘုံ ရောက်ရလိမ့်မယ်တဲ့။ ခေါင်းမဖော်နိုင်အောင်ကို
နစ်မှာတဲ့။ ဆင်းရဲလွန်းလို့ တောင်းစားရတဲ့ဘ၀၊ ခိုးရတိုက်ရ ဆိုးရမိုက်ရတဲ့ဘ၀။ လူ့အသိုင်းအ၀ိုင်းက
မနှစ်သက်တဲ့ ဘ၀။ ကောင်းလား။
(မကောင်းပါ ဘုရား။)
အပယ်ခံ ဘ၀တွေ။ လူရာမ၀င်တဲ့ ဘ၀တွေ။ နစ်မွန်းရတဲ့
ဘ၀တွေ။ ဆက်ဖတ်လိုက်။ “နှစ်အရှည် နစ်မည်လမ်းကိုလ နင်မျှော်စမ်း နင့်ကိုယ်”တဲ့။ သားတို့သမီးတို့
ကျောင်းသူကျောင်းသားဘ၀။ တစ်သက်လုံး ကျောင်းတက်မနေနိုင်ဘူး။ လူကြီး ဖြစ်ကြရမယ်။ အရွယ်ရောက်ရင်
ကိုယ့်ဘ၀ ဘယ်လိုဖြစ်မလဲ မျှော်ကြည့်လိုက်စမ်း။ သားတို့ သမီးတို့ ဘာဖြစ်ချင်တာလဲ။ ဆရာဝန်လား။
အင်ဂျင်နီယာအား။ သူခိုးလား။ ဓာပြလား။ သူတောင်းစားလား။
(အင်ဂျင်နီယာ။) (ဆရာဝန်။) (စစ်ဗိုလ်။)
(ကျောင်းဆရာ။)
ဟုတ်ပါပြီ။ သူခိုးဖြစ်ချင်တဲ့သူ မပါဘူးလား။
(မပါပါ ဘုရား။)
သူတောင်းစားရော မလုပ်ချင်ဘူးလား။
(မလုပ်ချင်ပါဘုရား။)
ပလပ်စတစ် ကောက်မလား။
(မကောက်ချင်ပါဘုရား။)
ကောင်းတဲ့ဘ၀ကို မျှော်လင့်ထားရမယ်။
ကိုယ့်ဘ၀ရှေ့ရေးကို မျှော်ကြည့်ကြရမယ်။ မကောင်းတဲ့ ဘ၀တစ်ခုခု ရောက်သွားရင် မလွယ်ဘူးနော်။
“နှစ်အရှည် နစ်မည်လမ်း”တဲ့။ နိမ့်ကျတဲ့ဘ၀ ရလိုက်ရင် တစ်နှစ် နှစ်နှစ်နဲ့ မပြီးဘူး။
အကြာကြီး ရုန်းထွက်ရမှာ။ တစ်သက်လုံး ကျွတ်ချင်မှလည်း ကျွတ်မှာ။
နိမ့်ကျတဲ့ ဘ၀၊ ဆင်းရဲတဲ့ သောကဘုံ ရောက်ရတာ
ဘာ့ကြောင့်လဲ။ “ငါးအာရုံ ဘင်အစု ခင်မှုနဲ့ နေ့ကုန်”တဲ့။ ဘင်အစု။ ဘင်ဆိုတာ သိလား။
( . . . . . )
ဘင်ဆိုတာ မစင်ကိုပြောတာ။ အိမ်သာကျင်းထဲမှာ
အစုလိုက် အပြုံလိုက်ရှိတယ်။ အဲ့ဒါ ဘင်အစု။ ငါးအာရုံဆိုတာ အာရုံငါးပါး။ မျက်စိနဲ့ မြင်လို့ရတဲ့ဟာ။
နားနဲ့ကြားလို့ရတဲ့ အသံ။ သီချင်းသံတွေ။ ဆိုင်းသံတွေ။ အမျိုးမျိုးပေါ့။ နှားခေါင်းနဲ့
အနံ့ခံလို့ရတဲ့ဟာတွေ။ လျှာနဲ့ အရသာခံလို့ ရတဲ့ဟာတွေ။ ခြေလက် ကိုယ်အင်္ဂါတွေနဲ့ ထိလို့ကိုင်လို့
ရတဲ့ဟာတွေ။ အုပ်စု ငါးခု။ အဲဒါတွေဟာ ဘင်အစုတွေပဲ၊ မစင်တွေလိုပဲတဲ့။ စွဲစွဲလမ်းလမ်း
မဖြစ်ရဘူးတဲ့။
မင်းတို့ ကျောင်းသုံးပစ္စည်းတွေကွာ
. . . စာအုပ်။ မြင်လို့ရလား။
(ရပါတယ် ဘုရား။)
လက်နဲ့ထိလို့ကိုင်လို့လည်း ရတယ်။ မုန့်စားဆင်းချိန်မှာ
စားတဲ့မုန့်။ မင်းတို့ နားထောင်တဲ့ သီချင်း။ မင်းတို့ပန်တဲ့ပန်း။ မင်းတို့ လိမ်းတဲ့
သနပ်ခါး။ အနံ့ မရှိဘူးလား။
(ရှိပါတယ်ဘုရား။)
အဲ့ဒါတွေဟာ အာရုံငါးပါးပဲ။ “ငါးအာရုံ
ဘင်အစု ခင်မှုနဲ့ နေ့ကုန်”ဆိုတာ . . .။ ဗလာစာအုပ်ဆိုရင် စာရွက်သားကောင်းမှ ကြိုက်တယ်။
ကျောင်းဝတ်စုံဆိုရင် အသားကောင်းမှ ၀တ်ချင်တယ်။ မုန့်ဖိုး များများ လိုချင်တယ်။ စာကျတော့
မကျက်ချင်ဘူး။ သင်္ချာကျတော့ မတွက်ချင်ဘူး။ လိုချင်တာ လောဘနော်။ မုန့်ဖိုးလိုချင်တယ်။
ကျောင်းဝတ်စုံ လှလှလေး လိုချင်တယ်။ စာအုပ်ကောင်းကောင်းလေး ကိုင်ချင်တယ်။ လိုချင်ပါ
. . .။ လိုချင်တာ ကိစ္စမရှိဘူး။ ကျောင်းစာကျတော့ မလုပ်ချင်ဘူးဆိုရင် သားတို့သမီးတို့
တရားပါ့မလား။
(မတရားပါဘုရား။)
ကျောင်းသွားမယ်ဆိုပြီး မုန့်ဖိုးတောင်း။
ပြီးတော့ ကျောင်းပြေး။ တရားသေးလား။ မတရားပါဘုရား။ တစ်နေ့တစ်နေ့ ကျောင်းသာတက်နေတာ စာကျတော့
ကောင်းကောင်းမကျက်ဘဲ လိုချင်တာတွေပဲ များနေမယ်ဆိုရင် . . .။ “ငါးအာရုံ ဘင်အစု ခင်မှုနဲ့
နေ့ကုန်”တဲ့။ စာတတ်ဖို့ ပညာတတ်ဖို့နဲ့ ယှဉ်လိုက်ရင် ကျောင်းဝတ်စုံ အကောင်းစားတွေ၊ စာအုပ်လှလှလေးတွေ၊
မုန့်ဖိုးတွေဆိုတာ မစင်အစု ဘင်အစုတွေလိုပဲ။ အဲ့ဒါတွေပဲ အာရုံစိုက်နေပြီး စာမတတ်ရင်
မင်းတို့ဖြစ်ချင်တဲ့ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ ဖြစ်နိုင်ပါ့မလား။
(မဖြစ်နိုင်ပါဘုရား။)
“နှစ်အရှည် နစ်မည်လမ်းကိုလ နင်မျှော်စမ်း
နင့်ကိုယ်။” ခုနေခါ မလိမ္မာရင် အရွယ်ရောက်လို့ လူကြီးဖြစ်လာတဲ့အခါ သောကရောက်ရလိမ့်မယ်။
ကိုယ့်ဘ၀ရှေ့ရေး မျှော်ကြည့်ပြီး ကြိုးစားကြရမှာ။
“ဒေသနာ ထင်အလင်းရယ်နဲ့ နင်အဖျင်း ပိုထက်သာပို။”
ဒေသနာဆိုတာ။ ဆုံးမစကားကို ပြောတာ။ ဆုံးမမယ့်သူ၊ အလင်းပြမယ်သူ အထင်အရှား ရှိနေပေမယ့်
ဆုံးမစကား နားမထောင်ဘဲ မိုက်ပြီးရင်းမိုက်နေရင် ဖျင်းပြီးရင်းဖျင်း ညံ့ပြီးရင်းညံ့။
ဘ၀မှာ ဆင်းရဲရမယ်။ သောကရောက်ရမယ်။ အပယ်ခံဘ၀၊ လူရာမ၀င်တဲ့ဘ၀၊ အဆင့်မမီတဲ့ဘ၀ ရလိမ့်မယ်။
“သည်လောဘ စရိုက်အို”တဲ့။ အကျင့်စရိုက်တွေက
အိုနေဟောင်းနေလှပြီ။ ခုမှ ဖြစ်တဲ့ လောဘမဟုတ်ဘူး။ မုန့်ဖိုးလိုချင်တာ၊ စာအုပ်ကောင်းကောင်း
ကိုင်ချင်တာ၊ ကျောင်းဝတ်စုံ ကောင်းမှဝတ်ချင်တာတွေဟာ တစ်တန်း၊ နှစ်တန်း၊ သုံးတန်း၊ လေးတန်း
. . . အရင်နှစ်တွေ ကတည်းက အကျင့်ပါနေပြီ။ “သည်လောဘ စရိုက်အိုကို မလိုက်လို ရှောင်ပစ်လို့
နောင်အသစ် တကယ်ပြင်လျှင် ကောင်းဖို့ အစဉ်”တဲ့။ လိုချင်တာတွေ ဖြစ်ချင်တာတွေကို ဦးစားမပေးဘဲ
စာကိုပဲ ဂရုစိုက်မယ်ဆိုရင် ဘ၀တစ်လျှောက်လုံး အစဉ်ထာဝရ ကောင်းစားမှာပါ တဲ့။
အခု တို့နိုင်ငံက လွတ်လပ်ပွင့်လင်းလာပြီဆိုတော့
တော်တဲ့ ကြိုးစားတဲ့ ကျောင်းသူကျောင်းသားတွေအတွက် အခွင့်အရေးတွေ အများကြီး ရှိလာပြီ။
ဒီအခွင့်အရေးကို မယူနိုင်ဘူး၊ ကျောင်းသားဘ၀မှာ ကျောင်းစာကို စိတ်မ၀င်စားဘဲ အရေးမကြီးတဲ့
မစင်လို ဘင်လို အသုံးအဆောင် အကြွားအ၀ါတွေကိုပဲ စိတ်ဝင်စားမယ် ဆိုရင်တော့ လူမိုက်ပဲ။
စာကြိုးစားရတယ်ဆိုတာ ကျေင်းသားဖြစ်နေတုန်းပဲ ကြိုးစားနိုင်တာနော်။ ကျောင်းကထွက်ရင်
စာကျက်ချင်ပါတယ်ဆိုလည်း ကျက်လို့ မရတော့ဘူး။ ကဲ . . . နောက်ဆုံး သုံးပိုဒ် ဆိုကြည့်စမ်းပါ။
ခွင့်သာခိုက်ကမှ . . .။
(ခွင့်သာခိုက်ကမှ မလိုက်ချင်လျှင်၊
အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား။
ခွင့်သာဆဲကမှ မခဲချင်လျှင်၊ အလွဲနင့်ပြင်
ရှိသေးလေလိမ့်လား။
ခွင့်သာတုန်းမှမှ မရုန်းချင်လျှင်၊
အရှုံးနင့်ပြင် ရှိသေးလေလိမ့်လား။)
ဟုတ်ပြီ။ ကြိုးစားခွင့် ရှိနေတုန်းမှာ
သားတို့သမီးတို့ ဖြစ်ချင်တဲ့ ဆရာဝန်ကြီးတွေ၊ အင်ဂျင်နီယာကြီးတွေ၊ စစ်ဗိုလ်ကြီးတွေ၊
ကျောင်းဆရာကြီးတွေဖြစ်အောင် ကြိုးစားကြပေတော့။ မကြိုးစားရင်တော့ အပယ်ခံဘ၀ သောကဘုံမှာ
ဘ၀နစ်မွန်းကြရလိမ့်မယ်။
(ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ အာစာရ၏ ပို့ချချက်မှ
ကောက်နုတ်ပူဇော်ပါသည်။)
ရည်ညွှန်း -
28Mar14
ရာဟုလာ နွေသင်တန်း
“အာဂမဒါယာဒ” အာဂုံပြန်စာမေးပွဲ အကြိုတန်း
“ရာဟုလာ” ဓမ္မသင်တန်းကျောင်း
စိုင်ပြင်ရွာ၊ ဒီပဲယင်းမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး
No comments:
Post a Comment