Sunday, December 14, 2014

ရာဟုလာမှ အိပ်ဖွင့်ပေးစာ (၉)


ရာဟုလာ စခဲ့တဲ့ အချိန်လည်း နှစ်နှစ်ကျော်သုံးနှစ်ရာသီထဲ ရောက်လာပြီ။ လာမယ့် မတ်လ (၁၄)ဆိုရင် ကျောင်းမြေ အလှူခံတာ သုံးနှစ်ပြည့်တော့မယ်။ အရှိန်လည်း ရနေပါပြီ။ စာသင်သားကိုရင် လေးဆယ့်သုံးပါး လောကီလောကုတ် နှစ်လုပ်ကြိုးစားကြတာက ကျောင်းတိုက်ရဲ့ အဓိက အလုပ်ပေါ့။ တစ်ခြား အရေးမပါတာတွေ အသည်းအသန် လုပ်ရတာလည်း ပါတာပေါ့။ ကိုရင်ရော၊ ကျောင်းသားရော၊ ဆရာရော၊ ဒကာပါ အားစိုက်ကြရတာပေါ့လေ။ ဒါတွေ ထားပါတော့။

လာမယ့် ၂၀၁၅ ပညာသင်နှစ် အတွက် ရာဟုလာမှာပဲ ငါးတန်း၊ ခြောက်တန်း၊ ခုနစ်တန်း ဖွင့်ဖို့ စီစဉ်နေကြတယ်။ အစဆိုတော့ သုံးတန်းကိုပဲ အားစိုက်ထည့်ရမယ်။ အရှိန်ရလာရင်တော့ အတန်း တိုးရမှာပေါ့။ အစ သုံးတန်းအတွက် အဓိက လိုအပ်မှာက သင်ကြားရေး ဆရာတွေပေါ့။ တစ်တန်းကို အနည်းဆုံး ဆရာ နှစ်ယောက်တော့ လိုမယ်။ ဆရာလစာ ရံပုံငွေအပေါ် မူတည်ပြီး ဆရာတိုးနိုင်ရင်လည်း တိုးရမှာပေါ့။ ဆရာတစ်ယောက်စီကို တစ်နှစ်စာအတွက် သင်ကြားရေး ဥာဏ်ပူဇော်ခ ငါးသိန်း ပေးဖို့ စိတ်ကူးတယ်။ ခုထိတော့ လှူချင်ပြီး လှူနိုင်လောက်မယ့် အလှူရှင်တွေကို အသိမပေးရသေးလို့ ဒကာမပေါ်သေးဘူး။ ခု အသိပေးတဲ့ သဘောပေါ့။

ဆရာလစာအတွက် လှူချင်သူ လှူနိုင်သူတွေ လှူနိုင်ပါပြီ။ ဆရာတစ်ယောက်စာ ဆိုတာက အလှူရှင် တစ်ယောက်က ဆရာတစ်ယောက်စာ ပြည့်အောင် လှူရမယ်လို့ ဆိုလိုတာ မဟုတ်သလို၊ အလှူရှင် တစ်ယောက်က ဆရာတစ်ယောက်စာပဲ လှူခွင့်ရှိတယ်လို့ ဆိုလိုတာ မဟုတ်ဘူးနော်။ ဆရာတစ်ယောက်စာကို အလှူရှင် နှစ်ယောက်သုံးယောက် လေးငါးခြောက်ယောက် စုပေါင်း လှူနိုင်သလို၊ အလှူရှင် တစ်ယောက်တည်းက ဆရာ နှစ်ယောက်သုံးယောက် လေးငါးခြောက်ယောက်စာလည်း လှူလို့ရပါတယ်။ လှူနိုင်မယ် ဆိုရင်တော့ ပညာဒါန၊ တိုင်းပြုပြည်ပြု သာသနာပြု ကုသိုလ်ထူး ဖြစ်တဲ့အကြောင်း၊ မည်၍မည်မျှ အကျိုးကြီးမားကြောင်း ဗာရာဏသီ ချဲ့ပြစရာ မလိုတော့ပါဘူး။

ခုဟာက အနီးအနား ရွာလေးငါးဆယ်လောက်မှာ ကိုးဆယ်ရာခိုင်နှုန်းလောက်က မူလတန်းအဆင့် လေးတန်းထိပဲ ကျောင်းပွင့်သေးတာမို့ အဲ့ဒီရွာတွေက ကလေးတွေ ပညာဆက်သင်နိုင်ဖို့ ရည်ရွယ်တာပါ။ လောလောဆယ် စားစရိတ် သက်သာအောင် ကိုရင်ဝတ်နဲ့ပဲ လက်ခံတယ်။ ယောက်ျားလေးတွေပေါ့။ သီလရှင် ၀တ်မယ်ဆိုရင်တော့ မိန်းကလေးလည်း လက်ခံမယ်။

သင်္ကန်းဝတ်နဲ့ဆိုတော့ စားစရိတ် သက်သာမယ့် အပြင် ပြောရဆိုဆုံးမ အုပ်ချုပ်ရတာ ပိုလွယ်တယ်။ စိတ်ပါလာလို့ သာသနာ့ဘောင်မှာ မြဲမယ် ဆိုရင်လည်း အဆင်သင့်ဖြစ်အောင် ပရိယတ်စာပေလည်း တွဲသင်ပေးတယ်။ အဲ့ဒါကိုပဲ လောကီလောကုတ္တရာ စာသင်သားလို့ ပြောတာ။ ဒီခေတ်မှာ ကိုရင်ဝတ်ချင်တဲ့ ကလေးတွေ သိပ်မရှိကြတော့ သာနာပြု ရှင်ဟန်းတွေ ပေါ်လာဖို့လည်း လမ်းစဖြစ်တာပေါ့။

တိုင်းပြုပြည်ပြု သာသနာပြု ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တွေ ပေါ်ထွန်းပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

မေတ္တာဖြင့်
ဒေါက်တာ ဘဒ္ဒန္တ အာစာရ

No comments:

Post a Comment