Wednesday, June 3, 2015

လယ်တီမျိုးဆက်စစ်

ရေမြေဒေသနဲ့ ဆက်စပ်လိုက်ရင် မင်းတို့က လယ်တီဆရာတော်ကြီးရဲ့ မြေးတွေမြစ်တွေ၊ တီတွေတွတ်တွေပဲ။ မင်းတို့က ကမ္ဘာကျော်ခဲ့တဲ့ အဘိုးဆရာတော်ကြီးရဲ့ မျိုးဆက်သစ်တွေ . . .။ ဆရာတော်ကြီး ကမ္ဘာကျော်ရတဲ့ အကြောင်းရင်းတွေထဲမှာ ၀ိပဿနာတရားနဲ့ အဘိဓမ္မာတရားကို ပိုင်နိုင်တော်မူတာတွေဟာ အဓိက အကြောင်းတွေပဲ။ ၀ိပဿနာကတော့ မင်းတို့ မသိသေးဘူး။ အဘိဓမ္မာကတော့ . . . . . အခု ဆရာတော်ကြီးရဲ့ အမွေကို ခံယူခွင့်ရအောင်၊ အဘိဓမ္မာ မျိုးစေ့ရအောင် အဘိဓမ္မာ သင်္ဂြိုဟ်ကို အကျဉ်းချုပ်ထားတဲ့ ပရမတ္ထသံခိပ်ကို မင်းတို့ ကျက်ရတယ်။ ပြီးတော့ . . . ခုနစ်တန်း ရှစ်တန်းတွေ . . . သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် . . . . . ဆိုတဲ့ သရုပ်တွေ အဓိပ္ပာယ်တွေ သိတယ်နော်။ ကိုးတန်းတက်ရင် မုံရွာသွားပြီး စာမေးပွဲ ဖြေကြမယ်။ လယ်တီစာပေ ထိန်းသိန်းရေး အဖွဲ့က ကျင်းပတဲ့ ပရမတ္ထသံခိပ် စာမေးပွဲ ရှိတယ်။ မင်းတို့ အောင်မှာ။ ဒါမှ အဘိုးဆရာတော်ကြီးရဲ့ အဘိဓမ္မာအမွေ ရမှာ။

ဆရာတော်ကြီးက ကဗျာလည်း ကျွမ်းကျင်တယ်။ စကားပြေလည်း ဆရာကြီးပဲ။ အခု စာပြန်ပွဲအတွက် ဆရာတော်ကြီးရဲ့ ကဗျာတွေ ကျက်ရတယ် ဆိုတာလည်း ကဗျာအမွေ ယူနေတာပဲ။ သုံးလူ့ရှင်ပင်တို့၊ သတ္တသတ္တာဟကဗျာတို့၊ တေးထပ်တို့ . . . . .။ ဒါတွေဟာ ဆိုလို့လည်းကောင်း၊ အဓိပ္ပာယ်လည်းကောင်းတဲ့ ကဗျာတွေပဲ။ တန်ဖိုးရှိတဲ့ အမွေတွေ . . . . .။
ဆရာတော်ကြီး ဒီရွာမှာ မွေးဖွားကြီးပြင်းခဲ့တယ်။ အခု မင်းတို့ခေတ်။ သူ့ရွာမှာ လူလာဖြစ်ရုံနဲ့တော့ အဓိပ္ပာယ် ပြည့်ဝတဲ့ လယ်တီမျိုးဆက် မဟုတ်သေးဘူး။ အမွေရမှ မျိုးဆက် အစစ်အမှန်။


:)
ရှင်အာစာရ

No comments:

Post a Comment