Friday, November 20, 2015

ဘုန်းကြီးကျောင်းထွက်


“ဟို ရှေး ရှေးတုန်းကပေါ့ကွာ။ ရှင်ဘုရင်လည်း ဘုန်းကြီးကျောင်းထွက်၊ အမတ်ကြီးတွေ ၀န်ကြီးတွေလည်း ဘုန်းကြီးကျောင်းထွက်။ သူဌေးရော ဆင်းရဲသားရော . . . အားလုံးက ဘုန်းကြီးကျောင်းထွက်တွေချည်းပဲ။ အဲ့ဒီတုန်းက ဘုန်းကြီးကျောင်းပဲ ရှိတာကိုး။ ခုခေတ်လို အ-မ-ကတွေ၊ အ-လ-ကတွေ၊ အ-ထ-ကတွေမှ မရှိတာ။ တက္ကသိုလ် ဆိုတာကတော့ ဇာတ်တော်ထဲမှာ ရှိတာပေါ့။ အဲဒီတော့ ရွေးစရာလမ်း မရှိတော့တဲ့အဆုံး ဘုန်းကြီးကျောင်းမှာပဲ အရေးအဖတ် အတွက်အချက် သင်ယူကြရတာပေါ့။ အဲ့ဒီလို သင်ယူရင်းနဲ့ ဘုရားစာ တရားစာတွေလည်း သင်ယူရတာပေါ့။ အဲ့ဒီတော့ ဗုဒ္ဓဘာသာ အခြေခံ ရသွားတာပေါ့။ အဲ့ဒါ ရဖို့လည်း အရေးကြီးတယ်။

ခုခေတ်ကျတော့ ရေးတတ်ဖတ်တတ်ရုံနဲ့ မဖြစ်တော့ဘူး။ မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ ကောလိပ်၊ တက္ကသိုလ်။ ခေတ်ပညာတွေ လိုတာပေါ့။ ခေတ်ပညာနောက် လိုက်ကြရင်း ဘုန်းကြီးကျောင်းနဲ့ဝေးပြီး ဗုဒ္ဓဘာသာ အခြေခံလည်း လုံးပါးပါးသွားကြတာ။

ကိုရင်တို့ ဒီကျောင်းမှာ နေရင်းနဲ့ အတန်းစာတွေ သင်ခွင့်ရတယ် ဆိုတာက . . .။ ကိုရင်တို့ကလည်း ဒါပဲ လိုချင်တာကိုး။ ဒါကို လိုချင်လို့ ဒီကိုလာတာ။ သိတယ်၊ သိတယ်။ ပေးတယ်၊ ပေးတယ်။ ကိုရင်တို့ လိုချင်တာလည်း ပေးမယ်။ ဒီကျောင်းက အပိုဆောင်း ပေးလိုက်တာကိုလည်း ကိုရင်တို့ ယူသွားကြရမယ်။

ကိုရင်တို့ကို အတန်းစာ သင်ပေးချင်ရုံ သက်သက်နဲ့ ဒီ ရာဟုလာကျောင်းတိုက်ကို တည်ထောင်ထားတာ မဟုတ်ဘူးနော်။ ဒီကျောင်းက ကြီးကြီးကျယ်ကျယ် ပရိယတ္တိ စာသင်တိုက်ကြီးလည်း မဟုတ်ဘူး။ ကိုရင်တို့ နားလည်ထားရမှာက . . . အတန်းစာလည်း သင်။ ဘုရားစာ တရားစာလည်း တစ်ခြား ကျောင်းသူကျောင်းသားတွေထက် ပိုရမှ ဖြစ်မယ်။ တစ်ခြား ကျောင်းတွေမှာလည်း အတန်းစာသင်တဲ့ ကိုရင်တွေ ရှိတာပဲ။ တစ်ချို့ ကိုရင်တွေဆိုရင် အတန်းစာပဲ သိတာ။ အဲ့ဒါမျိုး မလုပ်ရဘူး။ မလုပ်ကောင်းဘူး။ တစ်နိုင်ငံလုံးမှာ . . . အဲ့ဒီလို ကိုရင်တွေ အများကြီးရှိတယ်။ ကိုရင်တို့ကတော့ အတန်းစာလည်းသင်ကြ။ ကိုရင်ဆိုတော့ ရှင်ကျင့်ဝတ်လည်း ကျက်ရမှာပေါ့။ သေခိယတွေ။ ခန္ဓကတွေ။ ပရိတ်ကြီးတွေ။ ဂုဏ်တော်တွေ။ ဆုံးမစာတွေ။ ဗုဒ္ဓဘာသာ အခြေခံတွေလည်း ကိုရင်တို့ ဥာဏ်ကောင်းရင် ကောင်းသလောက် ကျက်ထားမှ ဖြစ်မယ်။ သင်္ကန်းဝတ်ခွင့်ရဖို့ သင်္ကန်းဝတ်နဲ့ နေနိုင်ဖို့ဆိုတာလည်း လွယ်တာတော့ မဟုတ်ဘူး။

ဒီကနေပြီး . . . ကိုရင်ဝတ်တော့မယ်၊ ရဟန်းဘောင် တက်ချင်တယ် ဆိုရင်လည်း ကောင်းတာပေါ့။ သာသနာ့အာဇာနည် ဖြစ်နိုင်တာပေါ့။ တစ်သက်လုံးတော့ သင်္ကန်း မ၀တ်ချင်ဘူး ဆိုရင်လည်း ရပါတယ်။ အတန်းစာတွေ သင်ယူရင်းနဲ့ ဗုဒ္ဓဘာသာ အခြေခံ ရသွားတာပေါ့။ ဟို ရှေး ရှေးတုန်းကလိုတော့ မဟုတ်တော့ဘူးပေါ့ကွာ။ ကိုရင်တို့ လူထွက်လို့ . . . ကြီးလာရင် ခေတ်ဘုန်းကြီးကျောင်းထွက်ကြီးတွေပေါ့။”


No comments:

Post a Comment