Tuesday, June 18, 2013

သံဃိကဒါန


 “ကျောင်းဆောက်ပြီး လှူဒါန်းတယ်ဆိုတာ ဘုန်းကြီးကျောင်းဆောက် လှူဒါန်းမှ ကုသိုလ်ရတာ မဟုတ်ဘူး။ အဲဒီလို ပညာရေးကျောင်းတွေ ဘာတွေ ဆောက်လှူဒါန်း။

မင်းတို့က သံဃိကအလှူလို့ ဆိုလိုက်ရင် မင်းတို့စိတ်ထဲမှာ ဘုန်းကြီးတွေချည်းပဲ မြင်နေတယ်။ ဟုတ်လား။ သံဃိကဆိုတာ တစ်ခြားပြောတာ မဟုတ်ဘူး။ အများစုအား လှူတာကို သံဃိကလို့ ခေါ်တယ်။ ဟုတ်လား။ သံဃဆိုတာ အစုအပေါင်းပဲ။ အဲဒီ အစုအပေါင်းကို လှူလိုက်တာ သံဃိကပဲ။

အေး ဒါကြောင့်မို့လို့ ဘုန်းကြီးကျောင်းတွေ လှူတာတော့ လှူပေါ့။ မလှူရဘူးလို့ မပြောပါဘူး။ သို့သော် မလိုအပ်ဘူး ဆိုရင်တော့ မဆောက်တာ ကောင်းတယ်။ အေး။ ဘုန်းကြီးတွေကတော့ မင်းတို့ လာဆောက်ရင် သူတို့က လက်ခံမှာပဲ။

သူတို့လည်း စဉ်းစားဖို့တော့ ကောင်းတယ်။ ကျောင်းတွေများရင် တံမြက်စည်း လှည်းရတာတောင် ဒုက္ခများသေးတယ်။ ဟုတ်လား။ ပရိသတ် မရှိဘဲနဲ့ဆိုရင် ကျောင်းမဆောက်တာ ကောင်းတယ်။ ဟေ့ကောင်တွေ ကောင်းသလား မကောင်းဘူးလား။ (ကောင်းပါဘုရား။) အဲဒါ ပရိသတ် မရှိရင် ဘာ ကျောင်းဆောက်ဖို့ လိုလဲ။ ဟုတ်လား။ တစ်ပါးရှိ တစ်ပါနေလောက် မဖြစ်ဘူးလား။ (ဖြစ်ပါဘုရား။) ဆယ်ပါးရှိရင် ဆယ်ပါးနေလောက် ပြီးတာပဲ။ ဒို့ဗမာပြည် လှူတဲ့တန်းတဲ့ နေရာမှာ မင်းတို့ ပြင်ဆင်ဖို့ လိုအပ်ပြီ။

ခုနက ပြောသလို ကိုယ့်ရပ်ကွက် အတွင်းမှာ မူလတန်းကျောင်း စုတ်ပြတ်နေတယ်ဆိုရင် အဲဒီ မူလတန်းကျောင်းလေးကို ပြင်ပြီးတော့ ဆောက်ပေးပါ။ အဲဒါလည်း ကုသိုလ်ပါပဲ။ အဲဒါလည်းပဲ သံဃိကဒါနပဲ။ ဟုတ်လား။ အများအစုအပေါင်းကို လှူရတဲ့ ဒါန ဖြစ်တဲ့အတွက် အဲဒါလည်း သံဃိက ဒါနပဲ။

ကဲ လိုက်ဆို။

လူ့ပြည်လောက၊
လူ့ဘ၀ကား၊
အိုရနာရ၊
သေရဦးမည်၊
မှန်ပေသည်တည်း၊
သို့တပြီးကား၊
သင်သေသွားသော်၊
သင်ဖွားသည့်မြေ၊
သင်တို့ပြည်သည်၊
အခြေတို့မြင့်၊
ကျန်ကောင်းသင့်၏၊
သင်၏မျိုးသား၊
စာစကားလည်း၊
ကြီးပွားတိုးမြင့်၊
ကျန်ကောင်းသင့်၏၊
သင်ဦးချ၍၊
အမျှဝေရာ၊
စေတီသာနှင့်၊
သစ္စာအရောင်၊
ဥာဏ်တန်ဆောင်လည်း၊
ပြောက်လျက်ဝင်းလျက် ကျန်စေသတည်း။

ဆရာဇော်ဂျီရဲ့ ကဗျာအတိုင်း ဖွံ့ဖြိုးတိုးတက်ချင်တယ်ဆိုရင် မင်းတို့ မှတ်ထား။ အချင်းချင်း ညီညီညွတ်ညွတ်နဲ့ မေတ္တာဆိုတဲ့ ကောင်းပင်စိုက်ပျိုးမှ ဖွံ့ဖြိုးတိုးတက်မယ်။”

(စာ ၂၇၁-၂၊ “ဘဒ္ဒန္တ ရာဇဓမ္မာဘိဝံသ၏ ကိုယ်တိုင်ရေးသား စာပေများ”၊ ဖေဖော်ဝါရီ ၂၀၁၃၊ ကာလာဇုန် ပုံနှိပ်တိုက်၊ ဆရာတော် ဦးရာဇဓမ္မာဘိဝံသ၏ သက်တော်ရှစ်ဆယ် ပူဇော်ပွဲ အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည်)

-----
Comment:
ဓာတ်ပုံ -
၁။ တည်ဆောက်ဆဲ “ဘောဇနဒါယာဒ” ဆွမ်းချက်ဆောင်+နာယကဆွမ်းစားဆောင်
၂။ “သီတဒါယာဒ” ရေချိုးဆောင်
၃။ ထန်းပင်
၎။ ကျစ်ခံသဲမြေရိုင်းနှင့် မြက်ပင်ပေါင်းပင်တစ်ချို့

“ရာဟုလာ” ဓမ္မသင်တန်းကျောင်း၊ စိုင်ပြင်ကြီး၊ ဒီပဲယင်း၊ စစ်ကိုင်း
၁။ ကျောင်းသူကျောင်းသားများ အင်္ဂလိပ်စာ အခြေခံနှင့် ဗုဒ္ဓဘာသာ အခြေခံ ရရှိစေရန်၊
၂။ လူငယ်များ အခြေခံပညာ သင်ယူခွင့် ပိုမို ရရှိစေရန်နှင့်
၃။ ပရိယတ္တိသာသနာတော်ကို မြှင့်တင်ရန်။

(ဆက်ရန် . . . . .)

ရှင်အာစာရ

No comments:

Post a Comment