ရွာက “ရာဟုလာ” ဓမ္မသင်တန်းကျောင်းမှာ အပတ်စဉ် အစိုးရ ကျောင်းပိတ်ရက်တိုင်း
ဓမ္မသင်တန်း ဖွင့်တာဆိုတော့ တစ်ပတ်တစ်ခါ ရွာပြန်နေကျပါ။ ဒီတစ်ပတ်တော့ ဒီမှာ
ကိစ္စတွေ ရှိနေလို့ ရွာမပြန်ဖြစ်တော့ဘူး။ ဒီမှာ ဒီနေ့အတွက် လုပ်စရာတွေ မနက်
ကတည်းက ပြီးပြီဆိုတော့ နေ့ဝက် အားနေတာနဲ့၊ ဟုတ်တိပတ်တိ စာဖတ်ရမှာလည်း
ပျင်းတာနဲ့၊ အွန်လိုင်းလည်း မတက်ချင်တာနဲ့ ဂျာနယ်တစ်စောင် ကိုင်မိခဲ့တယ်။
“ . . . . .
Fallacyဆိုသော အင်္ဂလိပ် ဝေါဟာရကို မြန်မာလို ဆီလျော်အောင် ပြန်ဆိုရလျှင် “တလွဲဆင်ခြေ” သို့မဟုတ် “ယုတ္တိမတန်သော ဆင်ခြေ”ဟု ဆိုရမည်။ များသောအားဖြင့် အနုတ်လက္ခဏာ သဘောဆောင်သည့် အကြောင်းအရာ တစ်ခုကို သက်သေပြရန်၊ သို့မဟုတ် မှားယွင်းသော လုပ်ရပ်တစ်ခု မှန်ကန်သယောင် သက်သေပြရာတွင် သုံးလေ့ရှိသည်။
လူဟူသော သတ္တ၀ါတို့တွင် “ငါ”ဟူသော အတ္တကို အရောင်တင်လေ့ရှိသည့် သဘာဝ ရှိသည်။ ထိုအတ္တတွင် ပါဝင်နေသော မသိမှု “မောဟ”၊ အလိုကြီးခြင်း “လောဘ”နှင့် အထိန်းအကွပ် မဲ့သွားသော စိတ်အလိုမကျမှု “ဒေါသ” အတိုင်းအတာပေါ် မူတည်ကာ ပတ်ဝန်းကျင်ကို တုံ့ပြန်ပြုမူပုံချင်း တစ်ဦးနှင့်တစ်ဦး ကွဲပြားသွားကြသည်။ လူတစ်ဦးချင်းစီ၏ ပတ်ဝန်းကျင်အပေါ် တုံ့ပြန်မှုကို ဦးနှောက်အတွင်းရှိ စဉ်းစား ဆင်ခြင်ဥာဏ်အပေါ် အားကူပေးသည့် အသိပညာ ရေချိန်က အရှိန်ထိန်းညှိပေးသည်။
ကျွန်ုပ်တို့ နေ့စဉ်ဘ၀များတွင် လူ့သဘာဝအရ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့အကြား မိမိတို့ အကျိုးစီးပွား အသီးသီးဘက်မှ ရပ်ခံကာ ပြိုင်ဆိုင်လေ့ရှိသည်။ ပြိုင်ဆိုင်မှု သဘောအရ အနိုင် လိုချင်ကြသည်ဖြစ်ရာ အနိုင်ရရန် နည်းမျိုးစုံဖြင့် အားထုတ်တတ်ကြသည်။ ထိုသို့ အားထုတ်သည့်အခါ တစ်ဦးချင်းစီ၏ အသိပညာ ရေချိန်နှင့် ဆင်ခြင်တုံတရားတို့အပေါ် မူတည်ကာ အနိုင်ရရန် နည်းလမ်းရှာဖွေပုံချင်း ကွဲပြားသွားတတ်သည်။
ထိုအခါ မိမိတို့ ရပ်တည်ထားသော နေရာ၊ လေ့လာဆည်းပူခဲ့သည့် ပညာ၊ ဖြတ်သန်းလာခဲ့သည့် ပတ်ဝန်းကျင်၊ လက်တွေ့ လုပ်ဆောင်ရသည့် အတွေ့အကြုံ၊ တတ်မြောက် ကျွမ်းကျင်ထားသည့် ပရော်ဖက်ရှင်နယ် အသက်မွေးဝမ်းကျောင်းအလိုက် မိမိတို့ဘက်က အနိုင်ရသင့်ကြောင်း၊ မှန်ကြောင်း ရသည့်နည်းဖြင့် သက်သေပြတတ်ကြသည်။ ပြိုင်ဆိုင်မှုသည် တစ်ခါတစ်ရံ ယင်းကို အခြေခံသည့် အကျိုးအမြတ် ပမာဏအလိုက် ပြင်းထန်တတ်သည်။ ပြင်းထန်သည့် ပြိုင်ဆိုင်မှု သဘောအရ အနိုင်ရလိုစိတ် အားကြီးတတ်သည်။ ဘ၀ ရပ်တည်ရှင်သန်ရေး၊ ကြီးမားလှသည့် ကိုယ်ကျိုးစီးပွား မက်လုံးအားကြီးလျှင် ကြီးသလို မိမိတို့ ရပ်တည်သည့် ရှုထောင့်မှ မှန်ကန်ကြောင်း နည်းမျိုးစုံ သုံးရင်း တလွဲ ဆင်ခြေများ ပါဝင်လာတတ်သည်။
ခေတ်နောက်ကျသော စနစ်ဟောင်း တစ်ခုမှ ခေတ်မီသော စနစ်တစ်ခုသို့ အသွင်ကူးပြောင်းစ ကာလမျိုးတွင် စနစ်ဟောင်းကြောင့် သြဇာ၊ အာဏာ၊ ဥစ္စာ ဖြစ်ထွန်းခဲ့သူတို့က စနစ်သစ်ကို ကြီးစွာ ခုခံလေ့ ရှိသည်။ ထိုသို့ ခုခံရာတွင် ၎င်းတို့ အယူအဆနှင့် လုပ်ငန်းများ မှန်ကန်ကြောင်း သက်သေပြရန် တလွဲဆင်ခြေကို သုံးလေ့ရှိသည်။ ယင်းကို ထင်ရှားသော ဥပမာ ပေးရလျှင် ဓားပြမတိုက်မီ ငါးပါးသီလ ခံယူဆောက်တည်လေ့ရှိကြောင်း တရားရုံးတွင် ဆင်ခြေပေးသည်နှင့် အလားသဏ္ဌာန် တူသည်။
နယ်ပယ် အသီးသီးနှင့် ကဏ္ဍအထွေထွေတွင် အရည်အသွေး အရည်အချင်းနှင့် အသိပညာရေချိန် တည်ဆောက် မြှင့်တင်ရန် လိုအပ်နေသော ယနေ့ ကာလမျိုးတွင် ထိုကဲ့သို့ တလွဲဆင်ခြေများဖြင့် . . . . . .။
. . . . .”
(P 4, Editorial, The VOICE weekly, Monday, July 15 – 21, 2013)
အဲ့ဒီက အယ်ဒီတာရဲ့ အာဘော်ကို ရွာနဲ့ မန္တလေး ကူးနေရင်း မြင်မိတာလေးတွေနဲ့ တိုက်ယှဉ်ကြည့်ပြီး . . . . .။ ဒါလည်း အပျင်းမပြေသေးတာနဲ့ အွန်လိုင်းပဲ တက်လိုက်တော့တယ်။
“စနစ်ဟောင်းကြောင့် သြဇာ၊ အာဏာ၊ ဥစ္စာ ဖြစ်ထွန်းခဲ့သူတို့က စနစ်သစ်ကို ကြီးစွာ ခုခံလေ့” ရှိကြသတဲ့။ အနိုင်ရလိုမှုနဲ့ တလွဲဆင်ခြေ သုံးတတ်ကြသတဲ့။ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး . . . . . နယ်ပယ်တိုင်းမှာ ဖြစ်လေ့ရှိတဲ့ အတိုးနဲ့ အတိုက်တို့ ကြားထဲက အပွင့်ဓာတ်ဆိုး ပါလား။ သာသနာရေးမှာလည်း ဒီသဘော ဘယ်ကင်းပါ့မလဲ။
တိုက်ယှဉ်ကြည့်ရင်း ပျင်းတောင် ပျင်းလာပြန်ပြီ။
တော်သေးပြီ။
မေတ္တာဖြင့်
ဒေါက်တာ အရှင်အာစာရ
-----
Comment:
သက်ဆိုင်သူများ အားလုံးသို့ ရည်ညွှန်းပါသည်။

No comments:
Post a Comment