အရင်တစ်ပတ်က “ရာဟုလာ”မှာ ကလေးတွေ ကိုရင်ဝတ်နဲ့
တန်းကျောင်းတက်ကြတဲ့အကြောင်း ပြောနေရင်း ပြောဖို့ သတိရလိုက်သေးတယ်။
မပြောဖြစ်ခဲ့တာ။ ဟုတ်တယ်။ ခုတော့ ကိုရင်တွေချည်းပဲ။ ယောက်ျားလေးတွေချည်းပဲ။
သိတော့ သိတယ်။ လူငယ်တွေ အခြေပညာ သင်ယူခွင့် ပိုမိုရရှိအောင်
လုပ်ပေးတယ်ဆိုတော့ မိန်းကလေးတွေ အတွက်လည်း ပါသင့်တာပေါ့။
ဒါပေမယ့်
တကယ့်တကယ် လက်တွေ့လုပ်မယ်ဆိုတော့ ကျား-မ တန်းတူ အခွင့်အရေးဆိုတာ
ပြောသလောက် လွယ်တာမှ မဟုတ်ဘဲ။ တစ်ခါတစ်ခါမှာ ပြောရတာတောင် ခပ်ခက်ခက်ရယ်။
လက်တွေ့လုပ်ဖို့ မပြောနဲ့ စကားကိုတောင် လက်ခံဖို့ ခက်နေကြသေးတာ။
ယောက်ျားထုရဲ့ ဣဿာ မစ္ဆရိယလည်း ပါမယ်။ အမျိုးသမီးထုမှာ သိမ်ငယ်စိတ်
လွှမ်းမိုးခံထားရတာ၊ စွမ်းရည်နိမ့်တာတွေလည်း ပါမယ်။ ကျား-မ တန်းတူအခွင့်အရေး
မပေးနိုင်၊ မရနိုင်ခြင်းရဲ့ အကြောင်းခြင်းရာတွေ မျိုးစုံရှိတာပေါ့။
ရေခံမြေခံ ပတ်ဝန်းကျင်လည်း တစ်ခု ပါတယ်။
“ရာဟုလာမှာ”
ကျောင်းသူတွေအတွက် လုပ်မပေးနိုင်သေးတာကတော့ ဣဿာ မစ္ဆရိယတို့၊
သိမ်ငယ်စိတ်တို့၊ စွမ်းရည်တို့နဲ့ မဆိုင်လှဘူး။ ရေခံမြေခံ ပတ်ဝန်းကျင်ကတော့
အဓိက အကြောင်းတစ်ခုပဲ။ ကျား-မ ကျောင်းသူ-ကျောင်းသား အတူထားရင် ပြဿနာ
ဖြစ်မှာ စိုးရိမ်နေကြတာ။ “မိန်းကလေးတွေပါ။ ထားရင် ရကုန်ကြလိမ့်မယ်”တဲ့။
ကျောင်းသူနဲ့ ကျောင်းသား ငြားကြမှာ စိတ်ပူကြတာ။ ရပါစေပေါ့လို့
ပြန်ပြောလိုက်တယ်။ ကျောင်းသူနဲ့ကျောင်းသား ရတာ ဘာဆန်းတာမှတ်လို့၊
အုပ်ချုပ်တဲ့ ဘုန်းကြီးနဲ့ ကျောင်းသူ မရရင် ပြီးတာပဲလို့ ဘုတုတု
တောလိုက်တယ်။
ဒါပေမယ့် မလုပ်နိုင်သေးပါဘူး။ အဲ့ဒါကို
“ဆက်ရန် . . . . .” စာရင်းထဲပဲ ထည့်ထားရသေးတယ်။ ကျောင်းသူအတွက်ကျတော့
နေရေးကို မလွယ်သေးတာ။ ယောက်ျားလေးတွေလို ပိုးလိုးပက်လက် တွေ့ရာထိုးအိပ်၊
နေချင်သလို နေလို့မှ မရတာ။ လုံလုံခြုံခြုံ နေရာ ရှိမှ သင့်တော်မှာ။
ခုနေတော့ . . . ကိုရင်တွေ၊ ကျောင်းသားတွေအတွက်ကိုပဲ ထိုက်သင့်တဲ့ နေရာတွေ
လုပ်ပေးဖို့ လိုနေသေးတာ။
အေးဆေးပါ။ “Slow and steady wins the race” ပေါ့။
အစစ အရာရာ အဆင်ပြေပါစေ။
တော်သေးပြီ
မေတ္တာဖြင့်
ဒေါက်တာ အရှင်အာစာရ
-----
စကားကြွင်း။ ။ သက်ဆိုင်သူ အားလုံးကို ရည်ညွှန်းပါသည်။
No comments:
Post a Comment