Tuesday, August 13, 2013

ရာဟုလာမှ အိတ်ဖွင့်ပေးစာ - ၎



ဒီတစ်ခါ ရွာမှာ ထပ်တလဲလဲ စိတ်ထဲစွဲနေတာ နှစ်ခုက . . .။ တစ်ခုက ငယ်ငယ်တုန်းက . . . . . တတိယတန်း မြန်မာစာမှာ ထင်တာပါပဲ။ ခေါင်းစဉ်က စေတနာ မှတ်တယ်။ မင်းသားလေးတစ်ပါး မြင်းနဲ့ တိုင်းခန်း လှည့်လည်ရင်း လမ်းမှာ သရက်ပင် စိုက်နေတဲ့ အဖိုးအို တစ်ယောက်ကို တွေ့တယ်။ အဖိုးအိုက မင်းသားလေးကို အရသာ ချိုမြိန်ကောင်းမြတ်တဲ့ သရက်သီး ဆက်ကပ်တယ်။ သရက်ချို အရသာကို မင်းသားလေး မနောခွေ့သွားတယ်။ ဒါပေမယ့် သူ သဘောမတွေ့နိုင်တာ တစ်ခုက . . . အဖိုအို သရက်ပင် စိုက်နေတာကို။ မင်းသားလေး မြင်ပုံက ကလေးဆန်တယ် ပြောရမယ်။ “အဖိုးအိုကဖြင့် ဇရာလမ်းကနေ ဟိုဘက်ကမ်း ကြွတော့မယ်။ အခုမှ သရက်ပင် စိုက်နေတယ်။ သူ့သရက်သီး သူ ဘယ်လိုလုပ် စားရရှာတော့မှလဲ။” အဲ့ဒီလို သဘောမျိုး တွေးတာ။


မင်းသားလေးက စိုက်ပျိုးသူ ရိပ်သိမ်းရမယ် ဆိုတာကို ကျဉ်းကျဉ်းလေး ဖွင့်ဆိုပြီး အဖိုးအိုကို ကရုဏာ နုနုလေးတောင် သက်လိုက်သေးတာ။ ဒါပေမယ့် . . . “အရှင်မင်းသား အခု သုံးဆောင်တဲ့ သရက်သီးဟာ အကျွန်ုပ် စိုက်ပျိုးတဲ့ သရက်ပင်က သီးတာ မဟုတ်ပါဘူး။ ရှေးဘိုးဘတွေ စိုက်ပျိုးခဲ့တာပါ။” အဲ့ဒီလို သဘောမျိုး ရှင်းပြလိုက်တော့မှ မင်းသားလေး နားလည်သွားရှာတယ်။ မင်းသားလေး ဥဒါန်းကျူးရင့်လိုက်တဲ့ . . . ဖတ်စာရဲ့ အဆုံးစာကြောင်းကို မှတ်မိသေးတယ်။ “သြော် . . . စေတနာ၊ စေတနာဟု မြည်တမ်းလေသတည်း” တဲ့။

ဗုဒ္ဓဘာသာ ကမ္မနိယာမ သဘောအရ စိုက်ပျိုးတဲ့အတိုင်း ရိပ်သိမ်းရတယ် (ယာဒိသံ ၀ပတေ ဗီဇံ၊ တာဒိသံ ဟရတေ ဖလံ) ကံတူအကျိုးပေးတယ် ဆိုတာက တစ်မျိုး။ ကိုယ်စိုက်တာ ကိုယ်ခူးဆွတ်ဖို့ ဆိုတာက တစ်မျိုး။ မတူဘူးနော်။ စိုက်တဲ့အတိုင်း ရိပ်ရပေမယ့် ကိုယ်စိုက်တာ ကိုယ့်တစ်ယောက်တည်း အတွက်မှ မဟုတ်ဘဲ။ လက်လှမ်းမီသူတွေလည်း ခူးကြပါစေပေါ့။

သတိရမိတာ နောက်တစ်ခုလည်း သရက်ပဲ။ သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်တုန်းက မုံရွာက မိုးဦးပန်းမှာ အပြင်ဖြေ ဆယ်တန်းလုပ်ရင်း ဦးတင်အောင်ဆိုတဲ့ မြန်မာစာ ဆရာကြီး စာစီစာကုံး သင်ရင်း ရေးပုံတွေးပုံ လမ်းပြခဲ့တာလေးတွေထဲက တစ်ခုကို သတိရမိတာ။ စာစီစာကုံးက လူသားစွမ်းရည် မြှင့်တင်ရေး၊ မြင့်တက်ရေးနဲ့ ပတ်သက်တဲ့ စာစီစာကုံး။ ဆရာကြီးက နိဒါန်းချီပြတာ။ “ဗူးသီးတို့ ခရမ်းသီးတို့လို အသီးမြန်တဲ့ သစ်ပင်ဟာ သီးစားချိန် တိုတယ်။ ခဏပဲ စားရတယ်။ စားသုံးသူ ဦးရေ နယ်ပယ်လည်း ကျဉ်းတယ်။ သရက်တို့ ပိန္နဲတို့လို ကြာမှသီးတဲ့ သစ်ပင်ဟာ သီးစားချိန် ကြာတယ်။ ကြာကြာ စားရတယ်။ စားသုံးခွင့်ရတဲ့ ပတ်ဝန်းကျင်လည်း ကျယ်တယ်။ . . . . . အသီးအပွင့် အကျိုးရလာဒ်နဲ့ ပတ်သက်လို့ သီးချိန် ပွင့်ချိန် အကြာဆုံးဖြစ်ပြီး သီးစားချိန်လည်း အကြာဆုံး၊ သီးစားသူ နယ်ပယ်ပတ်ဝန်းကျင်လည်း အကျယ်ဆုံးကတော့ . . . . .။ . . . ဘာပင်လဲ”တဲ့။ ဆရာကြီးက ကျောင်းသူကျာင်းသားတွေကို ဖြေခိုင်းတယ်။ တွေးခိုင်းတယ်။ Brain Stormingပေါ့။ ကျောင်းသူကျောင်းသားတွေ ဖြေလိုက်ကြတာ။ ကြားဖူးနားဝ အပင်တွေ စုံနေတာပဲ။ ရယ်လည်း ရယ်ကြရတယ်။ ပေါက်ကရ ဖြေကြတာတွေလည်း ပါတော့ . . . အသီးမသီးတဲ့ အပင်ကို ဖြေတာလည်း ပါသေးတယ်။ “ကြံပင်”တဲ့။ တစ်ယေက်က လုပ်သေးတယ်။ “ထန်းလျက်ပင်”တဲ့။ ထန်းပင်ကို ပြောတာ။ “မင့်အမေ . . .။ မင့်အမေ . . . စိုက်တဲ့ ထန်လျက်ပင် . . .”ဆိုပြီး ဆရာကြီးတောင် တစ်ချက် ရယ်လိုက်သေးတယ်။ အဖြေတွေ ပွက်လောရိုက်အောင် စုံပေမယ့် ဘယ်သူမှ မမှန်ဘူး။ ဆရာကြီးကပဲ ဖြေပေးရတယ်။ “မှတ်ထား။ အဲ့ဒါ လူပင်ကွ”တဲ့။

လူပင်ဆိုတဲ့ အတွေးဟာ . . . . . ဆရာကြီး သမားစဉ် မှတ်သားထားတဲ့ အတွေး ဖြစ်နိုင်သလို သူ့ရဲ့ ကိုယ်ပိုင် ဒဿနလည်း ဖြစ်နိုင်တာပဲ။ ဘာပဲဖြစ်ဖြစ် အဲ့ဒီလို အတွေးမျိုး မတွေးခဲ့ဖူးး၊ မကြားခဲ့ဖူး . . . ဆိုတော့ အဲ့ဒီအတွေးကို တော်တော့်ကို သဘောကျမိခဲ့တာ။ ဘုန်းကြီးစာ သင်ရင်း အဲ့ဒီလိုတွေးခွင့်က မရှိသလောက် ဖြစ်ခဲ့ရတာကိုး။ တပည့် သံဃာတွေလည်း မတွေးကြ၊ စာချဆရာတော်ကလည်း တွေးမပြ၊ ခွင်းဆိုခွင်း၊ ချေဆိုချေ၊ ကပ်ဆိုကပ်၊ ပါဠိပုဒ်ပါဌ် ရုပ်ပြီးခန်းရောက်ဖို့ တွန်းတွန်းထိုးထိုး ကြိုးစားရင်း . . .၊ ရူးရူးမိုက်မိုက်နဲ့ (အဘိဓာန်ဆိုတာ အာဂုံကျက်ကောင်းတဲ့စာ မဟုတ်ပေမယ့်) အဘိဓာနပ္ပဒီပိကာဆိုတဲ့ ပါဠိအဘိဓာန်ကျမ်းကြီးကို မဖြစ်မနေ မလွဲသာ မရှောင်သာ အရဲကြိုးကုတ် ကြက်ရဲသုတ်ရင်း . . . နဖူးကချွေး ခြေမကျအောင် အားသွန်ခဲ့ရတာတွေပဲ များခဲ့တာကိုး။

အတွေး မှန်ချင်မှတော့ မှန်မှာပေါ့။ အဲ့ဒီတုန်းက . . . အဲ့ဒီ စာသင်ခန်းထဲမှာ တွေးမိခဲ့သေးတယ်။ “လူတွေ စာသင်ပုံနဲ့ ဘုန်းကြီးတွေ စာသင်ပုံ နည်းမတူလို့ လူတွေနဲ့ ဘုန်းကြီးတွေ တွေးပုံမြင်ပုံချင်း မတူကြတာ။ လောကရေး ဓမ္မရေးတွေမှာ လူတွေနဲ့ ဘုန်းကြီးတွေ လုပ်ကြကိုင်ကြ သာသနာပြုကြရင်း တွေးကြမြင်ကြ ယူဆကြတော့ . . . ဘုန်းကြီးဆိုပေမယ့် ဘုန်းကြီးတွေဘက်က ကျဉ်းကျဉ်းမြောင်းမြောင်း ဖြစ်နေတာတွေ ခဏခဏ တွေ့ရတာဟာ . . . . .။ . . . . . . . . . .။ . . . . . သင်ယူတဲ့ အကြောင်းအရာဆီ ချဉ်းကပ်ပုံ၊ သင်ယူတဲ့ အကြောင်းအရာကို ရရှိပုံ . . . . .။ ” အဲ့ဒီလို သဘောမျိုး တွေးမိခဲ့တာ။ အတွေး မှန်ချင်မှတော့ မှန်မှာပေါ့။

ကိုရင်တွေကို ကျောင်းထဲမှာ သစ်ပင်တွေ လိုက်စိုက်ခိုင်းရင်း . . . သရက်ပင်မြင်တော့ . . . ခုတစ်ပတ် ထပ်တလဲလဲ စိတ်ထဲစွဲနေတာ နှစ်ခုက အတွေးထဲ ပေါ်လာပြန်တာ။

ထားပါတော့။ ဆိုပါစို့ . . .။ ဆိုလိုတာက . . . ဘာပဲဖြစ်ဖြစ် လက်လှမ်းမီသူတွေ ခူးကြရအောင် လူပင်တွေ စိုက်ြကရမယ်။

အစစ အရာရာ အဆင်ပြေပါစေ။
တော်သေးပြီ

မေတ္တာဖြင့်
ဒေါက်တာ အရှင်အာစာရ

-----
စကားကြွင်း။   ။ သက်ဆိုင်သူ အားလုံးကို ရည်ညွှန်းပါသည်။

No comments:

Post a Comment