Sunday, November 10, 2013

သာမညဖလသုတ်



ဤပွဲတော်၏ အစီအစဉ် အားလုံးနီးပါးမှာ မြန်မာဗုဒ္ဓဘာသာတို့အတွက် မထူးခြားလှပါ။ သာမညဖလသုတတော်မှာကား အချို့သော သူများနှင့် အလှမ်းဝေးကောင်း ဝေးနေနိုင်ပါသည်။ သို့ဖြစ်၍ ဤသုတ်တော်နှင့် စပ်လျဉ်း၍ အနည်းငယ် တင်ပြလိုပါသည်။

မြတ်စွာဘုရားရှင်သည် ဤသာမညဖလသုတ်တော်ကို တန်ဆောင်မုန်းလပြည့်နေ့၌ ဟောကြားတော်မူခဲ့ပါသည်။ သို့ဖြစ်၍ ဤပွဲတော်၌ ဤသုတ်ကို ရွတ်ဖတ်ပူဇော်ရခြင်း ဖြစ်ပါသည်။ ဖခင်ဗိမ္ဗသာမင်းကို သတ်၍ ထီးနန်းအာဏာ ရရယူခဲ့သော အဇာတသတ်မင်းကို အကြောင်းပြု၍ ဤသုတ်ကို ဟောတော်မူခဲ့ပါသည်။ ဤသုတ်တော်၌ ရဟန်းပြုရခြင်း၏ အကျိုးကျေးဇူး (သာမညဖလ)များ ပါဝင်ပါသည်။ ဒိဋ္ဌိဆရာကြီး ခြောက်ယောက်၏ မိစ္ဆာဒိဋ္ဌိ (၆၂)မျိုးလည်း ပါဝင်ပါသည်။

အနန္တရိယကံ ကျူးလွန်မိသော အဇာတသတ်မင်းသည် သူ့အကုသိုလ်အတွက် စိတ်ပူ၍ ညည ကောင်းကောင်းအိပ်ပျော်ဟန်မတူပေ။ သူသည် သာယာအေးချမ်းသော တန်ဆောင်မုန်း လပြည့်ည တစ်ည၌ ဘာသာရေး သူတော်စင် တစ်ဦးဦးထံ ချဉ်းကပ်ရန် စိတ်ကူးမိပါသည်။ သူ့အပြစ်ကို ဘာသာရေး နည်းလမ်းဖြင့် ချေဖျက်၍ ထွက်ပေါက်ရှာလိုဟန် တူပါသည်။ သို့ဖြစ်၍ သူ၏ အမတ်ကြီးများက သူ့ကို ဒိဋ္ဌိဆရာကြီး ခြောက်ယောက်ထံသို့ သွားရောက်ရန် အကြံပြု တင်ပြကြသည်။ သို့သော် အဇာတသတ်မင်းက မနှစ်သက် သဘောမကျပါ။ စကားတုံ့ မပြန်ဘဲ ဆိတ်ဆိတ်နေလိုက်ပါသည်။ ထို့ကြောင့် သမားတော် ဆရာဇီဝကသည် ဘုရားရှင်ထံ ချဉ်းကပ်ရန် အကြံပြု တင်ပြ၏။ ထိုအခါ အဇာတသတ်မင်းက သဘောတူပြီး ဘုရားရှင်ထံသို့ သွားကြ၏။

ဤသုတ်တော်လာ ရဟန်းပြုရခြင်း၏ ထင်သာမြင်သာသော အကျိုးကျေးဇူးမှာ မင်းနှင့် ပြည်သူတို့၏ ကိုးကွယ်ပူဇော်မှုကို ခံယူရခြင်း ဖြစ်ပါသည်။ ပို၍ မွန်မြတ်သော အကျိုးများကိုလည်း အောက်ပါအတိုင်း အကျဉ်း မှတ်သားနိုင်ပါသည်။ မသတ်ခြင်း၊ မခိုးခြင်း၊ အမှားမဆိုခြင်း၊ စကားမကြမ်းခြင်း၊ နှစ်သက်ဖွယ် ပြောဆိုခြင်း အစရှိသော သီလအကျင့်ကို ကျင့်သုံးရခြင်း (စူဠသီလ)။ အလှူခံ၍ ရရှိသော ပစ္စည်းများကို မသိုမှီး မသိမ်းဆည်းခြင်း၊ အကအခုန် အပျော်အပါး ရှောင်ကြဉ်ခြင်း၊ လောင်းကစားမှု အားကစားမှုတို့မှ ရှောင်ကြဉ်ခြင်း၊ ဇိမ်မခံခြင်း၊ အလှမဆင်ခြင်း၊ ပေါက်တတ်ကရ မပြောခြင်း အစရှိသော သီလအကျင့်ကို ကျင့်သုံးရခြင်း (မဇ္ဈိမသီလ)။ ဗေဒင်ဟောခြင်း၊ အင်္ဂ၀ိဇ္ဇာဟောခြင်း၊ နိမိတ်ဖတ်ခြင်း၊ လက္ခဏာဖတ်ခြင်း၊ ဆေးကုခြင်းဟူသော အစရှိသော ရဟန်းအကျင့်နှင့် မဆိုင်သော အမှုတို့ကို ပြု၍ အသက်မမွေးခြင်းအားဖြင့် သီလအကျင့်ကို ကျင့်သုံးရခြင်း (မဟာသီလ)။ ဣနြေ္ဒကို စောင့်ထိန်းရခြင်း (ဣန္ဒြိယ သံဝရသီလ)။ သတိ သမ္ပဇဉ်နှင့် ပြည့်စုံခြင်း (သတိသမ္ပဇည)။ ရောင့်ရဲလွယ်ခြင်း (သန္တောသ)။ နီဝရဏ ငါးပါးကို ပယ်ခြင်း (နီဝရဏပ္ပဟာန)။ ဈာန် အဘိညာဏ်ရခြင်း။ မဂ်ဖိုလ်ရခြင်း။

အဇာတသတ်မင်းသည် ဤသုတ်တော်ကို နာယူရသောကြောင့် သရဏဂုံ တည်သွားပါသည်။ မဂ်ပေါက်ဖိုလ်ဝင် အကျွတ်တရား မရခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် ဖခင်ကို သတ်၍ အန္တရိယကံကို ကျူးလွန်မိသောကြောင့် ဖြစ်ပါသည်။ အနန္တရိယကံ ကျူးလွန်မိသူကို မည်သို့သော ကုသိုလ်ကောင်းမှုကမှ ကျွတ်လွတ်အောင် မကယ်တင်နိုင်ပါ။ ကျူးလွန်မိသူသည် သေသည်၏ အခြားမဲ့၌ မုချ အပါယ်လားရပါသည်။ ဤသို့ ဆိုးကျိုးပြင်းထန်သော အနန္တရိယကံ ငါးမျိုးရှိပါသည်။ ၎င်းတို့မှာ မိခင်ကို သတ်ခြင်း (မာတုဃာတကကံ)၊ ဖခင်ကို သတ်ခြင်း (ပိတုဃာတကကံ)၊ ရဟန္တာကို သတ်ခြင်း (အရဟန္တဃာတကကံ)၊ ဘုရားရှင်ကို သွေးစိမ်းတည်အောင် (သွေးထွက်သံယိုဖြစ်အောင်) ပြုခြင်း (လောဟိတုပ္ပါဒကကံ)၊ သံဃာသင်းခွဲခြင်း (သံဃဘေဒကကံ)တို့ ဖြစ်ပါသည်။ ဤကံဆိုး ငါးမျိုးအနက် ရှေ့လေးမျိုးကို ရဟန်းရှင်လူ မည်သူမဆို ကျူးလွန်နိုင်ပါသည်။ သံဃာသင်းခွဲခြင်း (သံဃဘေဒကကံ) ဟူသည်မှာ ရဟန်းတော်များ သိမ်အတွင်း သံဃာ့ကံ ဆောင်ရာ၌ အသင်းခွဲခြင်း၊ အုပ်စုခွဲခြင်း ဖြစ်သောကြောင့် ထိုကံကို ရဟန်းသံဃာတို့သာ ကျူးလွန်နိုင်ပါသည်။ ရဟန်းတော်များအကြား သံဃာသင်းကွဲရာ၌လည်း လေးနက်သော သံဃာ့ကံ ဆောင်ရွက်စဉ် ကွဲပြားခြင်းကိုသာ သံဃာ့ဘေဒကဟု ခေါ်ပါသည်။ ရဟန်းတော်အချင်းချင်း ဆက်ဆံရေး မပြေပြစ်ခြင်း၊ သဘောတူရာတူရာ စုမိ၍ အစုအစု ကွဲခြင်းမျိုးသည် အနန္တရိယကံဟု ခေါ်ဆိုထိုက်သော သံဃဘေဒကမျိုး မဟုတ်ပါ။ လောကသဘာဝ သာမန် ကွဲပြားခြင်းသာ ဖြစ်ပါသည်။

အဇာတသတ်မင်း ဘုရားရှင်ထံသို့ ချဉ်းကပ်စဉ်က ဘုရားရှင်သည် ဆရာဇီဝက လှူဒါန်းအပ်သော သရက်တောကျောင်း၌ သီတင်းသုံးနေတော်မူပါသည်။ အဇာတသတ်မင်းသည် အခြံအရံနှင့်တကွ ဘုရားရှင်ထံသို့ ချဉ်းကပ်ပါသည်။ ထိုသို့ ချဉ်းကပ်ရာ၌ အခြံအရံ အမျိုးသမီး ငါးရာနှင့် ဆင်မငါးရာ ပါဝင်ပါသည်။ ဆင်မတို့ကို အမျိုးသမီးများ စီးရပါသည်။ အမျိုးသားများ ခြံရံလျှင် အမျိုးသားတို့က သူ့ကို လုပ်ကြံမည် စိုးသောကြောင့် အားနွဲ့သူ အမျိုးသမီးများကိုသာ ခြံရံစေခြင်း ဖြစ်နိုင်ပါသည်။ သူကိုတိုင်လည်း ဆင်စီးလျက် လိုက်ပါပါသည်။ လမ်းတစ်လျှောက်၌ မီးရှူးတိုင် ကိုယ်စီနှင့် လင်းထိန်နေပါသည်။ ဤသို့ လင်းထိန်နေသည့်ကို အတုယူ၍ ယနေ့ခေတ် တန်ဆောင်တိုင် ပွဲများ၌ မီးထွန်းကြခြင်း ဖြစ်လေသလားဟု စဉ်းစားရန် ရှိပါသည်။

ဤသို့လျှင် တန်ဆောင်မုန်း လပြည့်နေ့၌ ကျရောက်သော ရာဟုလာ တန်ဆောင်တိုင်ပွဲတော် အထိမ်းအမှတ်အဖြစ် တန်ဆောင်မုန်းလပြည့်နေ့၌ ဟောကြားအပ်သော သာမညဖလသုတ်နှင့် စပ်လျဉ်း၍ သိမှတ်ဖွယ်ရာတို့ကို တင်ပြလိုက်ရပါသည်။

ဒေါက်တာ ဘဒ္ဒန္တ အာစာရ

No comments:

Post a Comment