“ပျိုလေးတို့
အိမ်ဦး၊
ဆပ်သွားဖူးရယ်တဲ့
တစ်ရုံနှစ်ရုံ၊
ကျေးတွေက
အုံ၊
မအုံပါနဲ့
ကိုရွှေကျေး၊
ပျိုတို့မောင်
ရှင်လိင်ပြန်တော့၊
နားပန်ဖို့လေး။”
ဒီပဲယင်းနယ်ထဲက အုန်းတပင်ရွာ - ဆပ်သွားရွာ။
တောင်တွင်းကြီးက မောင်ချောနွယ်ရဲ့ ဆပ်သွားရွာ။ တစ်ခြား ဘယ်မှာ ဆပ်သွားဆိုတဲ့ရွာတွေ
ရှိသေးသလဲတော့ မသိပါဘူး။ ဆပ်သွားဖူး ဆိုတာကတော့ ပန်းလိုပွင့်ပြီး ပန်းလိုမွှေးတာ။ အပင်ကတော့
ရုံဆိုတဲ့အတိုင်း အရုံအရုံနဲ့။ အပွင့်က ငှက်ပျောဖူးနဲ့ ခပ်ဆင်ဆင်။ ဒါကြောင့်မို့ ဖူးထည့်ခေါ်တာလားတော့
မသိပါဘူး။ ပြောချင်တာက . . . ကဗျာထဲမှာ ဆပ်သွားဖူးရုံတွေကို ကျေးတွေအုံတယ်ဆိုတာ .
. . အထာလေးနဲ့ ပြောတာတဲ့။ တစ်ရုံ နှစ်ရုံဆိုတဲ့ ဆပ်သွားဖူးဟာ အပျိုလေးတွေကို ကိုယ်စားပြုတာတဲ့။
အိမ်မှာ အပျိုလေး တစ်ယောက်နှစ်ယောက် ရှိတာကို ရွာထဲက ကိုကို ရွှေကျေးတွေ လာလာဝိုက်ကြတာကို
ဆိုလိုတာတဲ့။ လာမရစ်ကြနဲ့၊ ရှင်လိင်ပြန်လာမယ့် မောင်ကြီး ရှိတယ်လို့ ဆိုလိုတာတဲ့။ ရှင်လိင်ပြန်တယ်
ဆိုတာကတော့ ကိုရင်ဝတ်နဲ့ ဘုန်းကြီးကျောင်းမှာ ပညာတွေ သင်ယူပြီးတော့ ကျောင်းထွက်လာမှာကို
ပြောတာတဲ့။ ဆရာအောင်သင်းက အဲ့ဒီလို ခံစားတင်ပြတာ။ (“တိုလီမိုလီစာပေ”၊ အောင်သင်း၊ ဇွန်ပွင့်စာပေ၊
၂၀၀၄)
ရှေးခေတ်ကတော့ မြန်မာအမျိုးကောင်းသားတွေ
ပညာသင်ယူနိုင်တဲ့ အဓိက နေရာက ဘုန်းတော်ကြီးကျောင်း မဟုတ်လား။ ဘုန်းကြီးကျောင်းက သင်ပေးတဲ့
ပညာကလည်း သူခေတ်နဲ့ သူ့အခါ ဘ၀အတွက် လုံလောက်တဲ့ အခြေခံလို့ ဆိုနိုင်တာပဲ။ ရှင်လိင်ပြန်သူတွေဟာ
ဘုန်းကြီးကျောင်းကရတဲ့ အခြေခံ ပညာနဲ့ လောက၀န်တွေ ဆက်ထမ်းကြတာပေါ့။ ဘုန်းကြီးကျောင်းမှာ
ပညာသင်ယူရင်း ရှင်လိင်မပြန်တော့ဘဲ ရဟန်းဘောင် ဆက်တက်ပြီး ဆရာတော်ကြီးတွေ ဖြစ်လာတဲ့
ပါရမီရှင်တွေကတော့ သာသနာ့ဝန် ဆက်ထမ်းကြတာပေါ့။
ခုခေတ်ကျတော့ ဘုန်းကြီးကျောင်းက ဘုန်းကြီးကျောင်းပဲလေ။
လူငယ်မျိုးဆက်သစ်တွေရဲ့ ဘ၀အတွက် လုံလောက်တဲ့ ပညာတွေ သင်မပေးနိုင်တော့ဘူး။ ပညာရေးဗဟိုဌာန
မဟုတ်တော့ဘူး။ အဲ့ဒီတော့ . . . ဒီနေ့ခေတ် လူငယ်တွေဟာ သူတို့ လိုချင်တာ မရတဲ့ နေရာကို
မလာကြတော့ဘူးပေါ့။ ယုတ်စွအဆုံး အလာနည်းတော့တာပေါ့။ အဲ့ဒီတော့ သာသနာအတွက် အာဇာနည် ပေါ်ထွန်းခွင့်
နည်းလာတာပေါ့။ မျိုးဆက်သစ် လူငယ်တွေ သာသနာနဲ့ အလှမ်းမဝေးအောင် . . . . .။
ဆိုလိုတာက . . . ကျောင်းသွားဖို့ ပြင်နေတဲ့
ရာဟုလာက ကိုရင်တွေဆီက အမွှေးနံ့တစ်မျိုး ထွက်လာသလားလို့ စဉ်းစားသုံးသပ်ရင်း စောစောက
ဆရာအောင်သင်း ခံစားတင်ပြတဲ့ ကဗျာကို သတိရမိတာ။ ကြီးတဲ့ ကိုရင်တွေက ငါးတန်း၊ ခြောက်တန်း၊
ခုနစ်တန်း၊ ရှစ်တန်းတွေ။ သူတို့ ရှင်လိင်ပြန်ဖို့ ရင်ခုန်နေကြသလား။ သူတို့ရဲ့ ရင်ခုန်သံကို
နားစွင့်မိတာပါ။
ဟုတ်ပါပြီ။ ထားပါတော့။ စာလည်း တော်တော်ရှည်သွားပြီ။
တော်သေးပြီ။
မေတ္တာဖြင့်
ဒေါက်တာ အရှင်အာစာရ
စကားကြွင်း -
သက်ဆိုင်သူများ အားလုံးသို့ ရည်ညွှန်းပါသည်။
-----
ဓာတ်ပုံ -
“သုတဒါယာဒ” စာကြည့်တိုက် (တည်ဆောက်ဆဲ)
ရာဟုလာ၊ စိုင်ပြင်ကြီး၊ ဒီပဲယင်း၊ စစ်ကိုင်း
No comments:
Post a Comment