စာမရေးဖြစ်တာလည်း ကြာသွားပြီ။ အားလုံး နေကောင်းကြမယ် ထင်ပါတယ်။ ယေဘုယျ ပြောရရင် ရာဟုလာလည်း အခြေအနေ ကောင်းပါတယ်။
အခက်အခဲ ကြုံရတာလေးတွေတော့ ရှိတာပေါ့။ သဘာဝပဲလေ။ ခုလောလောဆယ် ရာဟုလာက ကိုရင်တွေရဲ့ ပညာရေးနဲ့ ပတ်သက်လို့ အဖျက်အမှောင့်လေးတွေ ကြုံနေရတယ်။ အရင်က ပြောခဲ့ဖူးသလိုပေါ့။ ရာဟုလာက ကိုရင်တွေက တန်းကျောင်းတက်ကြတာလေ။ နှစ်တန်းကနေ ကိုးတန်းထိ (၄၆)ပါး ရှိတာ။ ကျောင်းချိန်မှာ ကျောင်းသွားတက်ပြီး ကျောင်းချိန်အလွတ်မှာ ရာဟုလာမှာနေပြီး ဘုရားရှိခိုး၊ ဆွမ်းခံကြွှ၊ ကိုရင်စာ ဘုရားစာ တရားစာကျက်။ ဒီလို နေနေကြတာ။ ခုကြုံရတဲ့ အဖျက်အမှောင့်က ကိုရင်ဝတ်နဲ့ တန်းကျောင်းတက်လို့တဲ့လေ။ ကျောင်းအုပ်ကြီးနဲ့ ဆရာဆရာမတွေကတော့ အဆင်ပြေပါတယ်။ ကိုရင်ဝတ်နဲ့ တန်းကျောင်းတက်တာ တစ်နိုင်ငံလုံးမှာ ရှိနေတာပဲ မဟုတ်ဘူးလား။
ကိုရင်ဝတ်နဲ့ ကျောင်းလက်ခံလို့ ကျောင်းအုပ်ကြီးကို အပြစ်တင်ကြတယ်။ အထက်အရာရှိကို တိုင်မယ်တောမယ် ပြောသံကြားတယ်။ ရာဟုလာကို အလိုမရှိတဲ့ ကျေးရွာဦးခေါင်း ကျောင်းထိုင်ကျောင်းပိုင် ဆရာတော်တွေကပေါ့။ ရာဟုလာကို နှောင့်ယှက်ချင်တယ် ထားဦးတော့ တန်းကျောင်းမှာ စာသင်ခန်းထဲမှာ အဆင်ပြေပြေ စီးမျောနေတဲ့ ကိုရင်တွေရဲ့ ပညာရေးကို မနှောင့်သင့်ဘူး မဟုတ်လား။ ကျောင်းစည်းကမ်း မလိုက်နာရင် ဆရာဆရာမတွေက ဆုံးမလိမ့်မယ်။ ကိုရင်နဲ့တူအောင် မနေရင် ဆရာဘုန်းကြီးက ဆုံးမမယ်။ ဒါပဲ မဟုတ်လား။
ကိုရင်တွေက တစ်ခြားရွာတွေက လာကြတာ။ ရာဟုလာမှာ လာနေပြီး ပညာရေး ခရီးဆက်ကြတာ။ သူတို့ရွာတွေမှာက မူလတန်းပဲ ရှိကြတာ။ မူလတန်းနဲ့ ပညာရေး ခရီးဆုံးမှာထက် ကိုရင်ဝတ်နဲ့ အတန်းကျောင်းတက်ရင်း အချိန်ယူပြီး ပရိယတ္တိ အခြေခံစာ ကျက်ကြတာက ပိုမကောင်းဘူးလား။ ကိုရင်ဝတ်ကနေ ရဟန်းဘောင် တက်မယ်ဆိုရင်လည်း လောကီပညာ အခြေခံ ရှိထားတဲ့ သာသနာ့ဝန်ထမ်းတွေ ဖြစ်လာနိုင်တာပေါ့။ သင်္ကန်းဝတ်နဲ့ မနေချင်တော့ဘူး ဆိုရင်လည်း သူတို့ဘ၀အတွက် ပညာအရင်းအနှီး ရသွားတာပေါ့။ မဟုတ်ဘူးလား။
ဒါကို နှောင့်ယှက်တယ်ဆိုတော့ ခက်တာပေါ့။ မြန်မာနိုင်ငံမှာ၊ အထူးသဖြင့် ကျေးလက်ဒေသတွေမှာ ကျောင်းထိုင်ကျောင်းပိုင် ဆရာတော်တိုင်းက ကလေးတွေရဲ့ ပညာရေးကို အားပေးသင့်တာ။ ရာဟုလာမှာပဲနေနေ၊ ဘယ်မှာပဲနေနေ၊ ဘယ်လို အခြေအနေမှာပဲ ဖြစ်ဖြစ် ကလေးတိုင်းရဲ့ ပညာရေးကို အားပေးသင့်တာ။

လောလောဆယ်တော့ ရာဟုလာက ကိုရင်တွေ တန်းကျောင်းတက်နေကြတုန်းပဲ။ သေသေ၀ပ်ဝပ် ကိုရင်နဲ့တူအောင် နေတတ်ကြဖို့ ဆုံးမရတာပေါ့။ အခြေအနေ စောင့်ကြည့်ပြီး ကြုံရတဲ့ အဖျက်အမှောင့် မှန်သမျှကို အတတ်နိုင်ဆုံး နည်းလမ်းနဲ့ ကျော်ဖြတ်ရမှာပေါ့။ စာလည်း တော်တော်ရှည်သွားပြီ။
တော်သေးပြီ။
မေတ္တာဖြင့်
ဒေါက်တာ အရှင်အာစာရ
စကားကြွင်း -
No comments:
Post a Comment